အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှတစ်ပါး အခြားပုဂ္ဂိုလ်များ အနေဖြင့် ပြောရေးဆိုခွင့် မရှိကြောင်း NLD ပါတီက ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကြေညာချက်တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယခုလက်ရှိ အခြေအနေတွင် သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ကိုင်ဆောင်ရွက်နေရသည့် အချိန်ကာလ ဖြစ်ပါသည်။ သို့ပါ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌမှတစ်ပါး အခြားပုဂ္ဂိုလ်များ အနေဖြင့် ပြောရေးဆိုခွင့်မရှိကြောင်း ကြေညာလိုက်ပါသည်” ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက လာမည့် လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်တိုင်းရင်းသား ဦးမန်းဝင်းခိုင်သန်းကို ရွေးချယ်ထားကြောင်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌတို့ နေရာတွင် ကချင်တိုင်းရင်းသား အမတ်တစ်ဦးနှင့် ရခိုင်အမျိုးသားပါတီမှ တစ်ဦးတို့ကို ရွေးချယ်ထားကြောင်း AFP သတင်းဌာနသို့ ဖြေကြားခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၂၁ ရက်၌ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်များက မေးမြန်းခဲ့ရာ “ဖြေစရာလည်း မရှိပါဘူး။ ပြောတဲ့သူကိုသာ ပြန်မေး ပါ။ အဲဒီကိစ္စအတွက် ဘာမှလည်း ဖြေစရာ မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။
ထို့အတူ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ဦးဉာဏ်ဝင်းပြောသည့် သဘောထားမှာ စီအီးစီဆုံးဖြတ်ချက် မပါသည့်အတွက် ဘယ်လိုကြောင့် ဖြစ်သည်ဆိုခြင်းကို ပြန်မေးထားကြောင်း၊ လူရွေးမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်၍ သေသေချာချာ သတိထား စိစစ်ရွေးချယ်ကြောင်း၊ ကြေညာမည် ဆိုပါက တိုင်ပင်ရပြီး မတိုင်ပင်ဘဲ လုပ်မိသည့်အတွက် ကာယကံရှင်များကို တောင်းပန်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အချိန်တန်လျှင် ကြေညာမည် ဖြစ်ကြောင်းဟု သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ထိုဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှတစ်ပါး အခြားပုဂ္ဂိုလ်များ အနေဖြင့် ပြောရေးဆိုခွင့် မရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌမှတစ်ပါး အခြားပုဂ္ဂိုလ်များ ပြောရေးဆိုခွင့် မရှိကြောင်း NLD ကြေညာ















