ငွေပေးချေမှု လုပ်ငန်းများအတွက် အာဆီယံ ဒေသတွင်း နိုင်ငံများမှ ဗဟိုဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အသင့်ဖြစ်နေဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ငွေပေးချေမှု လုပ်ငန်းများအတွက် အာဆီယံ ဒေသတွင်း နိုင်ငံများမှ ဗဟိုဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အသင့်ဖြစ်နေဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 22 January 2016
ဇော်ဝေ

ငွေပေးငွေယူနှင့် ငွေချေးငှားမှု လုပ်ငန်းများအတွက် အာဆီယံနှင့် အခြားဒေသတွင်း နိုင်ငံများမှ ဗဟိုဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။“အသင့်ဖြစ်ပြီလို့ ပြောလို့ရပါတယ်။ တစ်ကမ္ဘာ့လုံးမှာတော့ ISO-20022 ဆိုတာနဲ့ သုံးလို့ရတယ်။ ISO-20022  က နိုင်ငံ တော်တော်များများမှာ မရှိသေးဘူး။ ECB လိုဟာမျိုး European Central Bank တောင်မှ ၂၀၁၆ ခုနှစ်မှာစမှာ။ ကျွန်တော်တို့က ISO-20022 အဆင့်ကို ရောက်ပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ISO-20022 နဲ့ညီမျှတဲ့ Message ကို ထုတ်နိုင်ဖို့အတွက် Switch တစ်ခုလိုတယ်။ ဒီ Switch တစ်ခု တပ်လိုက်ပြီဆိုတာနဲ့ International Standard Message တစ်ခု ထုတ်လို့ရတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။အာဆီယံ စီးပွားရေး အသိုက်အဝန်းဆိုင်ရာ သဘောတူညီများအရ မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် အာဆီယံ နိုင်ငံများအကြား ငွေကြေးနှင့် အရင်းအနှီး ပိုမိုလွတ်လပ်စွာ စီးဆင်းမှုအတွက် ခွင့်ပြုပေးရန်လည်း သဘောတူညီချက် ရှိထားကြောင်းလည်း သိရသည်။အာဆီယံ ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အရ ဒေသတွင်းနိုင်ငံများဘဏ်များ ပြည်တွင်းသို့ ဝင်ရောက်လာမည် ဖြစ်သဖြင့် ကြို တင်ပြင်ဆင်ရန်လိုကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ရွှေဘဏ်ဖွင့်ပွဲတွင် ထည့်သွင်းပြောကြားချက်အရ သိရသည်။အာဆီယံ ငွေရေကြေးရေး ပေါင်းစည်းရေး (Asean Finnacial Integration) တွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်သော အာဆီယံ ဘဏ်လုပ်ငန်း ပေါင်းစည်းရေး Asean Banking Intergration Framework အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အခြားအဆီယံဘဏ် ဥက္ကဋ္ဌများနှင့် သဘောတူ လက်မှတ်ရေးထိုးထားပြီး ယင်းမူဘောင်အရ အခြားအာဆီယံ နိုင်ငံများမှ ဘဏ်များသည် ပြည်တွင်းတွင် ဝင်ရောက်လာမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ ဘဏ်များသည်လည်း အခြားနိုင်ငံများတွင် သွားရောက် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဘဏ်များအကြား အွန်လိုင်းအသုံးပြု ငွေပေးငွေယူနှင့် ငွေစာရင်းရှင်း စနစ်သည် နိုင်ငံတကာတွင်လည်း ဘဏ်နှင့်ငွေကြေး အဖွဲ့အစည်းများအကြား အသုံးပြုရန် သတ်မှတ်ထားသည့် အဆင့်အတန်းမီ  စနစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် အခြားနိုင်ငံများနှင့် ချိတ်ဆက်နိုင်စွမ်းရှိမည် ဖြစ်ကြောင်းလည်း သိရသည်။“ကျွန်တော်တို့ အနေနဲ့ CBM NET စနစ်ကို အာဆီယံနိုင်ငံများမှ ဗဟိုဘဏ်များနဲ့ နောက်ပိုင်းမှာ ချိတ်ဆက်သွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်” ဟု ဦးဆက်အောင်က CBM NET ဖွင့်ပွဲတွင် ပြောကြားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဘဏ်များအကြား ငွေလွှဲပြောင်းမှု၊ ငွေပေးချေမှု၊ ငွေထုတ်ချေးမှုဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုမည့် CBM NET တွင် ငွေအလုံးအရင်း ပေးချေမှု၊ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ အွန်လိုင်းမှတစ်ဆင့် ပေးချေမှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ကျပ်ငွေဖြင့် ငွေလွှဲပြောင်းမှုတွင် ဘဏ်အချင်းချင်း ဆောင်ရွက်နိုင်သည့် Bank to Bank Transfer၊ Customer Credit Transfer၊ ဗဟိုဘဏ်နှင့် ဘဏ်များအကြား ဆောင်ရွက်မည့် Debit / Credit Function များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ Securities Settlement တွင်T-bond / bill Transfer၊ T-bond / bill Allocation၊ T-bond / bill Issuance နှင့် Delivery Verses Payment (DVP) Function များ၊ Collateral Business တွင် Collateral Provision၊ Collateral Return Function များအပြင် မိမိဘဏ်၏ Balance များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ပြီး Market Value Informa-tion Inquity၊ Loan Value Information Inquity များကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။                 

Most Read

Most Recent