စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းစုများ မြန်မာနိုင်ငံတွင် Franchise စနစ်ဖြင့် လုပ်ဆောင်ရန် စီးပွားရေးမိတ်ဖက် လာရောက်ရှာဖွေ

စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းစုများ မြန်မာနိုင်ငံတွင် Franchise စနစ်ဖြင့် လုပ်ဆောင်ရန် စီးပွားရေးမိတ်ဖက် လာရောက်ရှာဖွေ
Published 22 January 2016
သက်ထား၊ အေးမြတ်မွန်

စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းစုများမှ မြန်မာနိုင်ငံတွင် Franchise စနစ်ဖြင့် လုပ်ဆောင်ရန် စီးပွားရေးမိတ်ဖက် လာရောက်ရှာဖွေခဲ့ကြောင်း သိရသည်။၂၀၁၅ ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Myan-mar International Franchise and SMEs Expo ကို ကျင်းပြလျက်ရှိပြီး နိုင်ငံတကာမှ အောင်မြင်ပြီးသည့် ကုမ္ပဏီများမှ လာရောက်ပြသကာ စီးပွားရေးမိတ်ဖက် လာရောက်ရှာဖွေခြင်း ဖြစ်ကြောင်း သိရသည်။“ကျွန်မတို့က ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြီး Exhibitor ၄၇ ခု ပါဝင်ပြသပါတယ်။ နိုင်ငံပေါင်း လေးနိုင်ငံက အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းစုတွေက လာရောက်ပြသတာ ဖြစ်ပါတယ်။ ပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့ သူတွေအနေနဲ့ ကျပ်ခြောက်သိန်းကနေစပြီး လုပ်ဆောင်လို့ ရတယ်ဆိုတာကို ပြသချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြပွဲကို လာတဲ့သူတွေ အနေနဲ့လည်း အခွင့်အရေးတွေ အများကြီး ရမှာဖြစ်ပါတယ်” ဟု 981 Creative Myanmar ကုမ္ပဏီမှ Marketing Officer မဝင့်ကြည်ပြာဦးက ပြောကြားသည်။ယင်းပြပွဲတွင် ထိုင်းနိုင်ငံထုတ် အလှကုန် ပစ္စည်းများ အများဆုံးပါဝင်ပြီး အစားအသောက်နှင့် လက်ဖက်ဆက်စပ် ပစ္စည်းများ၊ Business Support, ITH၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ လုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများ ပါဝင်ပြသထားကြောင်း သိရသည်။ထို့ပြင် အသေးစား အလတ်စားနှင့် Franchise ဆိုင်ရာအတွက် သိထားသင့်သည့် အချက်များကို ထိုင်းနိုင်ငံမှ ပညာရှင်များကလည်း ဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။“ကျွန်မတို့က ထိုင်းမှာ နာမည်ရပြီးသား Mademoiselle Cosmetic ကပါ။ မြန်မာနိုင်ငံမှာ တစ်ခါမှ ဖြန့်ဖြူးခြင်း မရှိသေးလို့ အေးဂျင့်လာရှာတာပါ” ဟု Mademo-iselle cosmetic က တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ပြပွဲတွင် Cartino Gelatin, Mam Salapaolata, Sekai Japan, i-Myanmar Company, Yangon Region Comuter Industry Association,The SAEM, Aye-yarwady and Chaopaya, ပန်းကမ္ဘာ၊ မောရှမ်း စသည့်ကုမ္ပဏီများ အပါအဝင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၄၇ ခုမှ ပြသလျက်ရှိကြောင်း သိရသည်။    ယခုကျင်းပသည့် ပြပွဲသည် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်းလည်း သိရသည်။  

Most Read

Most Recent