လက်ရှိဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သိန်းကျော် တင်ပို့မှုတွင် မတ်ပဲတန်ချိန် ၃၉၀၀၀၀ ဖြင့် အများဆုံး တင်ပို့ထား

လက်ရှိဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ရှစ်သိန်းကျော် တင်ပို့မှုတွင် မတ်ပဲတန်ချိန် ၃၉၀၀၀၀ ဖြင့် အများဆုံး တင်ပို့ထား
Published 21 January 2016
မြတ်စုနိုင်

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့ရာတွင် တန်ချိန်  ၈၅၀၀၀၀ ကျော် တင်ပို့မှုတွင် မတ်ပဲတန်ချိန် ၃၉၀၀၀၀ ဖြင့် အများဆုံး တင်ပို့ထားကာ ပြည်ပဈေးကွက်အတွင်း အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်တင်ပို့ နေရကြောင်း မြန်မာနိုင်ငံ ပဲကုန်သည်၊ နှမ်းကုန်သည်များ အသင်းမှ သိရသည်။     
ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၂၀၀၀ ကျော် ပိုမိုတင်ပို့ ထားကြောင်းလည်း သိရသည်။
“၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်ပကို တင်ပို့ထားတဲ့ ပဲမျိုးစုံတန်ချိန်က ၈၅၀၀၀၀ ကျော် တင်ပို့ထားပါတယ်။ အရင်ဘဏ္ဍာနှစ် ကာလတူဆိုရင် တန်ချိန် ၁၀၀၀၀ ကျော် တင်ပို့ထားတယ်။ ဒါပေမဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်ပကို ပဲတင်ပို့မှု တန်ချိန်က အရင်ဘဏ္ဍာနှစ်ထက် ပိုနိုင်မယ်လို့ မထင်ဘူး။ နောက်ပြီး ပြည်ပကို ပဲမျိုးစုံတင်ပို့တဲ့ အထဲမှာ မတ်ပဲက ပြည်ပကို အများဆုံး တင်ပို့တာပါ။ အခုလောလောဆယ်ကတော့ မတ်ပဲက လက်ကျန် မရှိတော့ပါဘူး။ အသစ်ပေါ်တာကို စောင့်နေကြတာပါ။ ဒီရက်အတွင်း ပဲစင်းငုံက ကျပ် ၅၀၀၀၀ လောက် ပြန်တက်သွားတယ်” ဟု ဒေါက်တာမြတ်စိုးက ပြောကြားသည်။
လက်ရှိတွင် ဥရောပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့မှု ရရှိထားသော်လည်း အိန္ဒိယဈေးကွက်ကိုသာ အဓိကမှီခိုနေရပြီး အိန္ဒိယနိုင်ငံ၏ ဈေးကွက်ဝယ်လိုအားပေါ် မူတည်ကာ ပဲဈေးနှုန်း အတက်အကျ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို ပြည်ပပဲဈေးကွက်သို့ နှစ်စဉ် တန်ချိန် တစ်သန်းကျော် တင်ပို့ရောင်းချလျက်ရှိပြီး မတ်ပဲကို အိန္ဒိယဈေးကွက်နှင့် ပဲတီစိမ်းကို တရုတ်နှင့် ဗီယက်နမ်သို့ အများဆုံး တင်ပို့ထားကြောင်း သိရသည်။
မတ်ပဲဈေးသည် ယခုနှစ်ပိုင်းအတွင်း အိန္ဒိယ၏ ဝယ်လိုအားပေါ် မူတည်ကာ စံချိန်တင် မြင့်တက်သည်အထိ ဈေးရရှိခဲ့သော်လည်း ပြည်ပဈေးကွက်အတွင်း အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်တင်ပို့ နေရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ပြည်တွင်းပဲဈေးကွက်သို့ ဝင်ရောက်လာမည့် ပဲသစ်များ အနေဖြင့် လာမည့်ဖေဖော်ဝါရီ လလယ်တွင် မတ်ပဲနှင့် ပဲတီစိမ်း အသစ်များ ပေါ်လာမည်ဖြစ်ပြီး ဒီဇင်ဘာလကုန် နောက်ပိုင်းတွင် ပဲစိမ်းငုံသစ်များ ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ပဲတင်ပို့မှုမှာ ၁၉၉၀ ပြည့်နှစ်မှစ၍ ခွင့်ပြုခဲ့ပြီး၂၅ နှစ်အတွင်း ပြည်တွင်း၌ ပဲဈေးနှုန်း စံချိန်တင်ခဲ့ကြောင်း သိရသည်။                     

Most Read

Most Recent