၂၀၁၅ ခုနှစ် နှစ်ကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ငါးဘီလျံနီးပါး ဝင်ရောက်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၄၉၁၅ ဒသမ ၈၁၉ သန်း (ငါးဘီလျံနီးပါး) ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေလုပ်ငန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ လုပ်ငန်းကဏ္ဍများအနက် ရေနံ နှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၄၉ ဒသမ ၂၀၀ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၅၉၈ ဒသမ ၈၈၁ သန်းဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။အဆိုပါကာလအတွင်း စင်ကာပူ၊ တရုတ်နိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံ ၂၀ က မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ကာလရှည်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်းခြောက်ထောင် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရာတွင် လုပ်သားအင်အား အများအပြားအသုံးပြုရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အစိုးရဌာနပိုင်မြေများကို ငှားရမ်းဆောင်ရွက်ခြင်းအပြင် ယခုအစိုးရလက်ထက်တွင် ပုဂ္ဂလိကပိုင်မြေများကိုပါ ငှားရမ်းဆောင်ရွက်ခွင့်ပြု ခြင်း၊ ယခင်က နိုင်ငံခြားသား နောက်ခံဖြင့် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားချက်နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် တရားဝင်ပြောင်းလဲပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံခြားငွေလွှဲပြောင်းခြင်း ကိစ္စများတွင်လည်း ဖြေလျော့မှုများပေးခြင်းတို့ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု တိုးတက်လာခဲ့ကြောင်း သိရသည်။
၂၀၁၅ နှစ်ကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ငါးဘီလျံနီးပါး ဝင်ရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံး ဝင်ရောက်










