မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်နေသည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းစီမံကိန်း ၃၅ ခုအထိရှိ

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်နေသည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းစီမံကိန်း ၃၅ ခုအထိရှိ
Published 19 January 2016
အောင်ရဲကို

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်နေသည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းစီမံကိန်းမှာ ၃၅ ခုအထိရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းငါးခုမှ လုပ်ငန်းငါးခု၊ နိုင်ငံတကာ အဖွဲ့အစည်းခြောက်ခုမှ လုပ်ငန်း ၁၀ ခုနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း INGO အဖွဲ့ ၂၀ မှလုပ်ငန်း ၂၀ စုစုပေါင်း ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း ၃၀ မှ ကျေး လက်ဒေသ ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးနေကြောင်း သိရသည်။
နိုင်ငံအနှံ့ ဖြန့်ကြက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီအကောင်အထည် ဖော်နေသည့် ပြည်ပအဖွဲ့အစည်းများ၏ စီမံကိန်းများ ထပ်နေခြင်း၊ လုပ်ငန်းဧရိယာထပ်နေခြင်း မရှိစေရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်က အဆိုပါ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ ကျေးရွာများပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ယင်းအစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်ဒေသ များတွင်ရှိနေပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊  မြို့ပြကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းကို ထက်ဝက်ခန့်လျှော့ချရန် လုပ်ငန်းစဉ်ရှစ်ချက်ချမှတ်ပြီး ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
သားငါးကဏ္ဍ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ရေရှည်တည်တံ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အဓိက အကောင်အထည် ဖော်နေကြောင်း သိရသည်။
မြန်မာအစိုးရ အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကိုယ်ပိုင်အစီအစဉ်ဖြင့် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၄၄၅၀ ခန့်မှာ အကျိုးခံစားနေရပြီဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကြေညာထားကြောင်း သိရသည်။
 
        

Most Read

Most Recent