ဗဟိုဘဏ်နှင့် ဘဏ်များအကြား အွန်လိုင်းအသုံးပြု ငွေပေးချေမှုနှင့် ငွေထုတ်ချေးမှုဆိုင်ရာ စနစ်သစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စတင်ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ဇန်နဝါရီ ၁၈ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဘဏ်များအကြား ငွေလွဲပြောင်းမှု၊ ငွေပေးချေမှု၊ ငွေထုတ်ချေးမှုဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုမည့် CBM NET တွင် ငွေအလုံးအရင်း ပေးချေမှု၊ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ အွန်လိုင်းမှတစ်ဆင့် ပေးချေးမှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။“ဒါက ဘာသွားတူလဲဆိုတော့ ဂျပန်နိုင်ငံမှာလည်း ဂျပန်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ BOJ လို့ခေါ်တဲ့ ဘဏ်မှာလည်း BOJ NET ဆိုတဲ့ စနစ် ရှိပါတယ်။ အဲ့ဒါနဲ့ အလားသဏ္ဌာန်တူ CBM NET ဆိုပြီးတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တည်ဆောက်ပေးခဲ့တာပါ။ ဥပမာ-ဘဏ်တစ်ခုကနေပြီးတော့ နောက်ဘဏ်တစ်ခုကို လွှဲတာဆိုရင် ဘယ်လိုသွားလဲဆိုတော့ ဗဟိုဘဏ်ကနေပြီးတော့ Settlement လုပ်ရတယ်ပေါ့။ ဘဏ်တစ်ခုရဲ့ Customer ကလည်း နောက်ဘဏ်တစ်ခုရဲ့ Customer ကို လွှဲမယ်ဆိုရင် ဗဟိုဘဏ်ကို ဖြတ်ရတယ်။ ဘယ်လို ဖြတ်လည်းဆိုတော့ Bank A ရဲ့ Customer က နေပြီးတော့ Bank B ရဲ့ Customer ကို ငွေလွဲမယ်ဆိုရင် ထုံးစံအရတော့ Bank A က ဗဟိုဘဏ်မှာ ဖွင့်ထားတဲ့သူတို့ရဲ့ Current Account ကနေပြီးတော့ Bank B မှာက ဗဟိုဘဏ်မှာ ဖွင့်ထားတဲ့ Current Account ကို လွဲပြီးတော့မှသာ Bank B ကနေပြီးတော့ Customer ကို ထုတ်ပေးတာဖြစ်တယ်။ ဒါကတော့ ဘဏ်အချင်းချင်းလုပ်တဲ့ ရိုးရိုးတန်းတန်း Transaction ပေါ့။ အရင်တုန်းကဆိုရင် ဗဟိုဘဏ်ကို လူကိုယ်တိုင် လာရတယ်။ အခုလောလောဆယ်ကတော့ ဗဟိုဘဏ်ကို လူကိုယ်တိုင်လည်း လာစရာ မလိုတော့ဘူး။ ဘာမှလုပ်စရာ မလိုဘူး။ ဘဏ်တိုင်း ဘဏ်တိုင်းမှာ CBM NET Terminal တွေ ချထားပေးပါတယ်။ CBM NET Terminal ကနေပြီးတော့ ဘဏ်တစ်ခုက အခြားဘဏ်ကို လွှဲတာသော် လည်းကောင်း၊ ကိုယ့်ဘဏ်ကနေပြီးတော့ အခြားဘဏ်ကို ငွေလွှဲတာကိုသော် လည်းကောင်း အဲဒီ အွန်လိုင်းကနေပြီး တစ်ခါတည်း ထိုင်ပြီးတော့ လွှဲလိုက်ရုံပါပဲ” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။အဆိုပါ ငွေပေးချေမှု စနစ်သစ်ကို ဇန်ဝါရီ ၅ ရက်တွင် စတင် ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း၊ Online ငွေပေးချေမှု စနစ်ဖြင့် စတင်ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများတွင် မြန်မာကျပ်ဖြင့် ငွေလွဲပြောင်းမှု (Fund Transfer) နိုင်ငံခြားငွေဖြင့် ငွေလွှဲပြောင်းမှု၊ Securities Settlement၊ Collateral Business စသည့် Function များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ကျပ်ငွေဖြင့် ငွေလွှဲပြောင်းမှုတွင် ဘဏ်အချင်းချင်း ဆောင်ရွက်နိုင်သည့် Bank to Bank Transfer၊ Customer Credit Transfer ဗဟိုဘဏ်နှင့် ဘဏ်များအကြား ဆောင်ရွက်မည့် Debit/Credit Function များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ Securities Settlement တွင် T-bond/bill Transfer၊ T-bond/bill Allocation၊ T-bond/bill Issuance နှင့် Delivery Verses Payment (DVP) Function များ၊ Collateral Business တွင် Collateral Provision၊ Collateral Return Function များအပြင် မိမိဘဏ်၏ Balance များကို အချိန်ဖြင့်တစ်ပြေးညီ ကြည့်ရှုနိုင်ပြီး Market value information Inquity၊ Loan value information Inquity များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ ဗဟိုဘဏ်၏ Online စနစ်ဖြင့် ငွေပေးချေမှုလုပ်ငန်းများ အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် ယန်း ၅၁ ဘီလျံဝန်းကျင် သုံးစွဲခဲ့ရပြီး ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အတိုးမဲ့ချေးငွေဖြင့် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်နှင့် ဘဏ်များအကြား ငွေပေးချေမှု၊ ငွေလွဲပြောင်းမှုဆိုင်ရာ လုပ်ငန်းများကို အွန်လိုင်းမှ ချိတ်ဆက် ဆောင်ရွက်သည့်စနစ် စတင် ဖွင့်လှစ်










