လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ဝင်ရောက်မှု ကျဆင်းနေပြီး ကုန်ထုတ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု မြင့်တက်နေ

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ဝင်ရောက်မှု ကျဆင်းနေပြီး ကုန်ထုတ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု မြင့်တက်နေ
Published 18 January 2016
နီလာ

မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် သဘာ၀ အရင်းအမြစ်ကို အခြေခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ဝင်ရောက်မှု ကျဆင်းလျက်ရှိပြီး ကုန်ထုတ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့မှ ဝင်ရောက်ရင်းနှီး မြှုပ်နှံမှု မြင့်တက်နေကြောင်း ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှု အသင်းမှ ကျင်းပသည့် “၂၀၁၆-၂၀၂၁ ခုနှစ်အတွင်း ပြောင်းလဲသင့်သော မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မာလာမျိုးညွန့်က ပြောကြားသည်။“လက်ရှိ အစိုးရသစ် တက်ပြီးကာလကို လေ့လာကြည့်လိုက်တော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာ ပမာဏအားဖြင့်တော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၇ သန်း၊ ၂၀၁၂-၂၀၁၃ မှာ ဆိုရင် အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၂ သန်း၊ ၂၀၁၃-၂၀၁၄ မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုင်းမှာ ဝင်ရောက်လာတာ မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာကျတော့ Offshore Block တွေကို တင်ဒါပေးတဲ့ အခါကျတော့ သန်း ၃၂၂၀ လောက်ကို ပမာဏအားဖြင့် တက်လာပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မာလာမျိုးညွန့်က ပြောကြားသည်။“ဒီပမာဏကို ကြည့်ခြင်းအားဖြင့်တော့ ပမာဏ တိုးလာတယ်လို့ သုံးသပ်လို့ ရပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်ကနေစပြီး ၂၀၁၁-၂၀၁၂ ပေါ့။ လက်ရှိအစိုးရ တာဝန်မယူခင် အချိန်ကာလအထိဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဟာ ကဏ္ဍပေါင်း ၁၂ ခုမှာ ရင်းနှီးမြှုပ်နှံမှုဟာ ၃၃ ရာခိုင်နှုန်းလောက်နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ ပထမအဆင့် နေရာယူထားသော်လည်း ၃၃ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဘယ်နေရာမှာ တိုးလာလဲဆိုတော့ Manufacturing ပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။လက်ရှိအစိုးရ လက်ထက်တွင် မူဝါဒပိုင်း အပြောင်းအလဲ လုပ်ထားသဖြင့် ယခင်က သဘာ၀ အရင်းအမြစ်ကို အခြေခံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ အဓိက ဝင်ရောက်လာသော်လည်း နောက်ပိုင်းတွင် နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကို အဓိကထားကာ ခွင့်ပြုပေးနေကြောင်း သိရသည်။

Most Read

Most Recent