နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ် ပြောင်းလဲရေး ထည့်သွင်းဆွေးနွေးရန် AAPP အကြံပြု

နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ် ပြောင်းလဲရေး ထည့်သွင်းဆွေးနွေးရန် AAPP အကြံပြု
Published 14 January 2016
ဇာလီမြင့်ဦး

နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ကို တစ်ဦးချင်းစီ၏ အခွင့်အရေးများနှင့် အများပြည်သူ လုံခြုံရေးတို့အား အာမခံချက်ပေးနိုင်သော စနစ်အဖြစ် သုံးသပ်ပြင်ဆင်နိုင်ရေး ထည့်သွင်းဆွေးနွေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အကြံပြု တိုက်တွန်းသည်။AAPP အနေဖြင့် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတမ်းတစ်စောင်ကို ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။AAPP မှ ဦးအောင်မျိုးကျော်က “ဒီလို ပြည်သူတွေအတွက် အာမခံချက်ရှိတဲ့ စနစ်တစ်ခု ရရှိရေး တိုက်တွန်းတာပါ။ လက်ရှိ နေပြည်တော်မှာ လုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တင်ပြဖို့ လုပ်ခဲ့ပေမယ့်တော့ ဒီခေါင်းစဉ်တော့ မပါဘူးပေါ့လေ။ ကျွန်တော်တို့ကတော့ SSR နဲ့ တစ်ဆက်တည်း ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ အရေးကြီးတယ် ဆိုတာကို အဓိက ပြချင်တာပါ။ နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ထည့်သွင်းဆောင်ရွက်သင့်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲများတွင် လက်ရှိအစိုးရနှင့် တပ်မတော်ဘက်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား လက်နက်ဖြုတ်သိမ်းရေး၊ အင်အားလျှော့ချရေး၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးတို့ကို ဦးတည်နိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်ကမူ တစ်နိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု (SSR) များကို ထည့်သွင်း ဆွေးနွေးချင်သည်ဟု ထုတ်ဖော်ပြောကြားထားမှုများရှိရာ နိုင်ငံရေး ဆွေးနွေးပွဲများ၌ နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်တွင် (Penal Reform) ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ကို ထည့်သွင်းဆွေးနွေးစေလိုကြောင်း အကြံပြုထားသည်။AAPP က ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တွင် အကျဉ်းထောင် ဥပဒေကြမ်းကို ကုလသမဂ္ဂမှ ချမှတ်ထားသော အကျဉ်းသားများအား ဆက်ဆံရန် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြင်ဆင်သတ်မှတ်သင့်ကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး စာချုပ်ကို လက်မှတ်ရေးထိုးရန်၊ အကျဉ်းထောင် စီမံခန့်ခွဲမှု တာဝန်ကို စစ်တပ်မှ တိုက်ရိုက်ကိုင်တွယ်သော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှနေ၍ အရပ်သား အစိုးရ ဦးဆောင်သော ဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းရန် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ပြောင်းလဲခြင်း ပြုလုပ်ရာတွင် တိုင်းရင်းသား အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန် လိုကြောင်းလည်း အကြံပြုထားသည်။AAPP အနေဖြင့် အကျဉ်းထောင်စနစ်နှင့် အခြေအနေ အရပ်ရပ်များကို သိရှိနိုင်ရန် အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ရှေ့နေများနှင့် အကျဉ်းထောင် ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းပြီး သုတေသနပြု မှတ်တမ်းတင်ခဲ့သည်။  

Most Read

Most Recent