အိန္ဒိယနိုင်ငံမှ သယ်ဆောင်လာသော ယူရေနီယမ်ဟု ယူဆရသည့် သတ္တုမှုန့်များကို ကျပ်သိန်း နှစ်သောင်းဖြင့် ရောင်းချရန် ပြုလုပ်နေသူ သုံးဦးအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံမှ သယ်ဆောင်လာသော ယူရေနီယမ်ဟု ယူဆရသည့် သတ္တုမှုန့်များကို ကျပ်သိန်း နှစ်သောင်းဖြင့် ရောင်းချရန် ပြုလုပ်နေသူ သုံးဦးအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
Published 13 January 2016
ယဉ်မျိုးသွယ်

အိန္ဒိယနိုင်ငံဘက်မှ သယ်ဆောင်လာသည့် ယူရေနီယမ်ဟု ယူဆရသော သတ္တုမှုန့်များကို ကျပ်သိန်းနှစ်သောင်းဖြင့် ရောင်းချရန် ပြုလုပ်နေသူ အမျိုးသားသုံးဦးကို မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရသည်။ဖြစ်စဉ်မှာ ယူရေနီယမ် ရောင်းချမှု သတင်းအရ အသွင်ယူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရောင်းချရန်ပြုလုပ်သူ သုံးဦးမှာ အိန္ဒိယနိုင်ငံ မီဇိုပြည်နယ် အိုက်စောမြို့နေသူ တစ်ဦးထံမှ ဝယ်ယူခဲ့ပြီး အမြတ်ရပါက ပြန်လည်ရောင်းချရန် မန္တလေးမြို့သို့ လာရောက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ကလေးမြို့နေ ရန်းထန်ဇမ်းမာ (၃၁ နှစ်)၊ ရိခေါဒါရ်မြို့နေ လာလ်လျံဇမ်း (၂၉ နှစ်) နှင့် ငွန်ဇာလ်ထန် (၄၈ နှစ်) တို့သည် ယူရေနီယမ်ဟု ယူဆရသည့် ပစ္စည်းထည့်ထားသော Uranium Cooperation Of  India Ltd * SLILLONGINDIA * YELLOW  CAKE 425 VOlt စာတန်း၊ ကြယ်သုံးပွင့် အမှတ်အသားပါ ကတ်ထူဘူးတစ်ဘူးဖြင့် ထည့်လျက် 425-V စာတမ်းပါ URANIUM ပါဝင်သည့် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၄ လက်မခန့်၊ အမြင့် ၁ ဒသမ ၃ လက်မခန့်၊ အလေးချိန် ၁ ကီလိုဂရမ်ရှိ လေးထောင့်ခဲ သေတ္တာတစ်ခုကို မြန်မာကျပ်ငွေ ကျပ်သိန်း ၂၅၀၀၊ ကြယ်ငါးပွင့် အမှတ်အသားပါ ကတ်ထူးဘူးဖြင့် ထည့်ထားသည့် URANIUM ပါဝင်သည့် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၄ လက်မခန့်၊ အမြင့် ၁ ဒသမ ၅ လက်ခန့်၊ အလေးချိန် ၁ ဒသမ ၁ ကီလိုဂရမ်တို့ကို မြန်မာကျပ်ငွေ သိန်း ၃၅၀၀ ဖြင့်လည်းကောင်း တန်ဖိုးဖြတ်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်စောမြို့နေ မထန်းလီဆိုသူထံမှ ဝယ်ယူခဲ့ပြီး ရိခေါဒါရ်မြို့နယ်ခွဲ ကလေးမြို့မှ မန္တလေးမြို့သို့ အငှားကားဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။ထိုယူရေနီယမ်နှစ်မျိုးအား မြန်မာကျပ်ငွေ ကျပ်သိန်းနှစ်သောင်းရလျှင် ပြန်လည်ရောင်းချရန် ယူဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။“ယူရေနီယမ်လို့တော့ ယူဆရတဲ့ အဆင့်ပေါ့။ ကျွန်တော်တို့ဆီမှာ ဒီပစ္စည်း စစ်ဆေးဖို့အတွက် သိပ်လက်လှမ်းမမီသေးဘူး။ သတင်းအရ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တာပါ။ ဒါတွေကို ဓာတ်ခွဲစစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ တစ်ခြားလိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကတော့ ဆက်လုပ်သွားရမှာပေါ့။ ဓာတုစွမ်းအင်အတွက် အသုံးကျတဲ့ ပစ္စည်းအနေနဲ့ပဲ သိတယ်။ သူ့ရဲ့ ဓာတ်သတ္တိကြွမှုတွေက အန္တရာယ် အရမ်းများတော့ ညွှန်ကြားချက်အရ ဆက်ဆောင်ရွက်သွားရမှာပါ” ဟု အဆိုပါ ယူရေနီယမ်ဟု ယူဆရသည့် သတ္တုမှုန့်များ ဖမ်းဆီးရမိခဲ့သည့် အမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။အဆိုပါ ပစ္စည်းများ သယ်ဆောင်လာသူ အမျိုးသားသုံးဦး အပါအဝင် မူလ ပစ္စည်းရောင်းချခဲ့သူ အမျိုးသမီးကိုပါ မဟာအောင်မြေ မြို့မရဲစခန်းတွင် (ပ)၄၃/၂၀၁၆ သတ္တုပုဒ်မ ၃၁ ဖြင့် ရဲအုပ်မြင့်သွင်မှ တရားလိုပြုလုပ် အမှုဖွင့်ထားကြောင်း သိရသည်။ 

Most Read

Most Recent