တရုတ်နိုင်ငံ CNICO ကုမ္ပဏီက နှစ် ၃၀ စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားသော တကောင်းတောင် နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော သတ္တုတူးဖော်မှု လုပ်ငန်းခွင်ဖြစ်ပြီး ယင်းစီမံကိန်း ခြောက်နှစ်ခန့် ကြာမြင့်လာချိန်အထိ စီမံကိန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို တရားဝင်ထုတ်ပြန်မှု မပြုလုပ်သေးကြောင်း သတင်းရရှိသည်။ နေ့စဉ် နီကယ် တန်ရာပေါင်းများစွာ ထုတ်လုပ်နေသည်ဟု ဆိုကြသော ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းဒေသရှိ အဆိုပါစီမံကိန်းမှ နိုင်ငံတော်အနေဖြင့် ရရှိသောအကျိုးအမြတ် ရာခိုင်နှုန်း၊ အဓမ္မ သိမ်းဆည်းထားသော လယ်ယာမြေ ပြဿနာနှင့် ဆိုးရွားစွာ ထိခိုက်လျက်ရှိသော ဒေသ ပတ်ဝန်းကျင် အခြေအနေတို့ အပါအဝင် စီမံကိန်းနှင့် စပ်လျဉ်းသော မေးခွန်းခြောက်ခုကို ၂၀၁၂ ခုနှစ်ကတည်းက တရားဝင် မေးမြန်းမှု ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိကြောင်း၊ တရားဝင် သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ မရှိကြောင်း ဒေသခံတက်ကြွ လှုပ်ရှားသူများနှင့် စက်ရုံလုပ်သားတို့က ဆိုသည်။
"၂၀၀၇ ဇူလိုင်လက နီကယ်စီမံကိန်းအတွက် နေပြည်တော်မှာ တရုတ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်တာ။သူတို့က ကျွန်တော်တို့ ဘိုးဘွားပိုင် လယ်ယာမြေဧက ၃၀၈၆ ဒသမ ၆၆ ကို အဓမ္မသိမ်းသွားတယ်။ မြေယာလျော်ကြေး လုံးဝမပေးဘူး။ ဦးသိန်းစိန် အစိုးရတက်လာတော့ ပွင့်လင်းမြင်သာမှုဆိုတာနဲ့ မြေယာ သိမ်းဆည်းမှုတွေ ဖြေရှင်းပေးမယ်လို့ ပြောလာတာကြောင့် ကျွန်တော်တို့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် တင်ပြတောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တာဝန်ရှိသူတွေက မြေယာပြဿနာနဲ့ ပတ်သက်လို့ အကောင်းဆုံး ဖြေရှင်းပေးမယ်လို့ ပြောတယ်။ အခုထိတော့ ဘာပြဿနာမှ ဖြေရှင်းမပေးတဲ့အပြင် စီမံကိန်းကြောင့် ဒေသထိခိုက်မှုက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ဆိုးရွားလာနေပါတယ်"ဟု မြေယာသိမ်းဆည်းခံခဲ့ရသော တက်ကြွ လှုပ်ရှားသူ ဦးတင့်ဝေက ဆိုသည်။
စီမံကိန်းနှင့် ပတ်သက်၍ နစ်နာခဲ့သူများက စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနဆိုင်ရာများ၊ သမ္မတရုံး အပါအဝင် သက်ဆိုင်ရာ ဌာနများစွာသို့ တင်ပြခဲ့ကြခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက်ကာ နစ်နာသူများကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း လက်ရှိအချိန်ထိ ဖြေရှင်းပေးမှု မရှိသေးပေ။
"ဒီစီမံကိန်းက ဘယ်လိုသဘောတူညီမှုနဲ့ လုပ်တာလဲ။ ဒီလိုဘေးထွက်ဆိုးကျိုး အမြောက်အမြားရှိတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က တရားဝင် စာတင် မေးခွန်း ထုတ်ခဲ့ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာန ညွှန်မှူးက စီမံကိုမေးပါ။ သူ့အနေနဲ့ ဖြေခွင့်မရှိဘူးလို့ပြောခဲ့တယ်။ စီမံက တာဝန်ရှိသူက နီကယ်စက်ရုံ တာဝန်ခံကိုမေးလို့ ပြန်လွှဲချတယ်။ စက်ရုံတာဝန်ခံကို မေးတော့ သူက သတ္တုတွင်း ဝန်ကြီးဌာနကို မေးလို့ထပ်ပြောတယ်။ ကျွန်တော်တို့မေးတာ ခုဆို သုံးနှစ်ကျော်သွားပြီ။ စုံစမ်းစစ်ဆေးရေး အဖွဲ့ဆိုတာ လာသွားသေးတယ်။ ဘာမှမထူးပါဘူး"ဟု မောင်းကုန်းဒေသခံ ဦးမောင်မြင့်က ဆိုသည်။
မိုင်များစွာ ကျယ်ပြန့်သော စီမံကိန်းဧရိယာသည် နှစ်ပတ်လည် ပိတ်ရက်လုံးဝမရှိဘဲ လည်ပတ်နေခြင်းဖြစ်ပြီး တကောင်း (ပင်မ)တောင်ကြီးကို ဖြိုချနေသည်မှာ ထက်ဝက်ခန့် ရှိနေပြီဖြစ်သည့်တိုင် စက်ရုံကို တရားဝင် ဖွင့်လှစ်ခြင်း အခမ်းအနား မပြုလုပ်သေးကြောင်း စက်ရုံလုပ်သားများက ဆိုသည်။
တကောင်းတောင်တန်းများကြားတွင် စွန့်ပစ်ထားသော စက်ရုံမှ စွန့်ပစ်မြေစာပုံသည် တောင်၏ ထက်ဝက်ခန့် အမြင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းင်းသည် တမံသဖွယ် ဖြစ်ပေါ်လျက်ရှိနေကာ ထိုအခြေအနေသည် ဒေသဝန်းကျင်အတွက် ဆိုးကျိုးသက်ရောက်မှု မြင့်မားကြောင်းလည်း စုံစမ်းသိရသည်။
"အခုက စက်ရုံတောင် မဖွင့်ရသေးဘူး။ စွန့်ပစ်မြေစာတွေက ပေရာချီပြီး တောင်လိုပုံနေပြီ။ အဲဒီစွန့်ပစ်မြေစာတွေမှာ ဖန်ကွဲစလို အမှုန်လေးတွေပါတယ်။ ဒါကိုသူ တို့က ဧရာဝတီမြစ်ထဲကို တိုက်ရိုက်စွန့်ပစ်မှုတွေ လုပ်တယ်။ လေထုရေထုညစ်ညမ်းမှုတွေကြောင့် ဒေသခံတွေ အတော်ဒုက္ခရောက် ရပါတယ်။ စွန့်ပစ်မြေစာတွေ ဖုံးလွှမ်းသွားလို့ စိုက်ပျိုးမြေဧကရာချီပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်နေတာပါ။ ကျွန်တော်တို့အနေနဲ့ စီမံကိန်းစကတည်းက မြေသိမ်းလို့ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရပြီး တဖြည်းဖြည်းနဲ့ စီမံကိန်းက ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒီမှာနေရတာကို အဆင်မပြေတော့ပါဘူး။ ပြောင်းရွှေ့လို့ အဆင်ပြေလို့သာ နေနေကြရတာပါ"ဟု မောင်းကုန်း ဒေသခံ ဦးထွန်းက ဆိုသည်။
မြန်မာစကားလုံးဝတတ်မြောက်ခြင်းမရှိသော ပြည်မတရုတ်နိုင်ငံသား ရာပေါင်းများစွာသည် စီမံကိန်းတွင် မြန်မာလုပ်သားများကို ခွဲခြား ဖိနှိပ် ဆက်ဆံမှု အများအပြားရှိနေပြီး ခြိမ်းခြောက်မှုများဖြင့် စတင်လုပ်ကိုင်ခဲ့သော နီကယ်စီမံကိန်းကြောင့် ဒေသခံများ၏ နစ်နာမှုကို တာဝန်ရှိသူများက လျစ်လျူရှုနေဆဲဖြစ်ကြောင်း သိရသည်။အဆိုပါ အခြေအနေများနှင့် စပ်လျဉ်း၍ စီမံကိန်း၏ သတ္တုတွင်းဌာန မြန်မာတာဝန်ခံကို တွေ့ဆုံရန် သွားရောက်ခဲ့သော်လည်း ၎င်း၏ နားရက်ဖြစ်သဖြင့် စက်ရုံတွင် မရှိကြောင်း၊ ဖုန်းနံပါတ် မေးမြန်းရာ မသိရှိကြောင်း စက်ရုံ လုံခြုံရေးတာဝန်ရှိသူက ဇန်နဝါရီ ၁၀ ရက်က ပြန်လည်ဖြေကြားခဲ့သည်။ စုံစမ်းသိရသော ၎င်း၏ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း စက်ပိတ်ထား သဖြင့် မေးမြန်းခွင့် မရခဲ့ပေ။
"သူက ဘယ်တော့မှ အတွေ့မခံဘူး။တာဝန်ခံလို့ပြောပေမယ့် ကျွန်တော်တို့ဖြစ် နေတဲ့ ပြဿနာတွေအပေါ်မှာ ဘာတာဝန် ယူမှုမှမရှိဘူး။ စက်ရုံထဲက မြန်မာလုပ်သား တွေမှာလည်း ခွဲခြားဖိနှိပ်ဆက်ဆံခံရတဲ့ ပြဿနာတွေ အများကြီးရှိနေတယ်။ အလုပ် အကိုင်ရှားပါးလွန်းတာကြောင့်သာ သည်းခံ ပြီး လုပ်နေကြရတာပါ"ဟု နီကယ်စက်ရုံ လုပ်သားတစ်ဦးက ဆိုသည်။
တကောင်းတောင် နီကယ်စီမံကိန်း သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး ထိစပ်နေသောနေရာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သော ဒေသတစ် ခုဖြစ်သည်။
တရုတ် CNICO ကုမ္ပဏီက နှစ် ၃၀ လုပ်ကိုင်ခွင့် ရရှိထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး သတ္တုတူးဖော်မှု လုပ်ငန်းခွင်ဖြစ်သော တကောင်းတောင် နီကယ်စီမံကိန်းနှင့် ပတ်သက်၍ အချက်အလက်များကို ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေး















