ဒေါ်အောင်ဆန်းစုကြည်ပုံအား ညစ်ညမ်းပုံသဖွယ်ပြုပြင်၍ Facebook ပေါ်သို့ တင်ခဲ့သည်ဆိုသော ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီတွဲဖက်အတွင်းရေးမှူးကို တရားစွဲဆိုထားသည့်အမှုအား မြို့နယ်တရားသူကြီး မရှိသောကြောင့်ဟုဆိုကာ ရုံးချိန်းနှစ်ခုတိုင်တိုင် စစ်ဆေးခဲ့ရမှုများ မရှိခဲ့ကြောင်း သတင်းရရှိသည်။
တတိယအကြိမ်မြောက် ရုံးချိန်းအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ရုံးချိန်း ခေါ်ယူစစ်ဆေးခဲ့စဉ်ကလည်း မြို့နယ်တရားသူကြီး မရှိသောကြောင့်ဟုဆိုကာ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ရပြီး၊ တရားလိုပြ သက်သေများကို စတင်စစ်ဆေးရမည့် ဇန်နဝါရီ ၁၂ရက် ရုံးချိန်းတွင်လည်း တရားသူကြီး မရောက်ရှိသေးသောကြောင့်ဟုဆိုကာ ဇန်နဝါရီ ၁၉ ရက်သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။
Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Thu Thu ဆိုသည့် အကောင့်တစ်ခုမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို Photoshop ဖြင့် ပြုပြင်ကာ ညစ်ညမ်းဓာတ်ပုံသဖွယ် ပြုပြင်၍ ပုံစာညွှန်းများ ရေးသားကာ အများပြည်သူမြင်သိစေရန် တင်ပြဖြန့်ဖြူးခဲ့ကြောင်း၊ ယင်း Thu Thu ဆိုသည့် အကောင့်ပိုင်ရှင်မှာ မှတ်တမ်းဓာတ်ပုံများအရ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ တွေ့ရှိရမှုကြောင့် ကန်ကြီးထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးဖြစ်သူ ကိုစည်သူအောင်မှ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို အကြည်အညို ပျက်စေရန် လုပ်ဆောင်ခဲ့သည်ဟုဆို Thu Thu ဆိုသည့် အကောင့်ပိုင်ရှင်ဖြစ်သော ဦးသန်းထွန်းကို အောက်တိုဘာ ၁၇ ရက်က ကန်ကြီးထောင့် မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုကို ကန်ကြီးထောင့်မြို့မရဲစခန်းမှ (ပ) ၁၅၇ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီးနောက်၊ စွပ်စွဲခံရသူ ဦးသန်းထွန်းကို စစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင်မှ ဆက်သွယ်ရေးဝန်ကြီး၏ ခွင့်ပြုချက်ဖြင့်ဆိုကာ ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင် တရားစွဲဆိုကာ ပုသိမ်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ကန်ကြီးထောင့်မြို့နယ်တရားရုံးတွင် ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ ဆက်လက် စစ်ဆေးရာတွင် စွပ်စွဲခံရသူအား စစ်ဆေးပြီးနောက် တရားလိုပြသက်သေများကို စစ်ဆေးရမည့် တတိယအကြိမ်မြောက် ရုံးချိန်းနှင့် စတုတ္ထအကြိမ်မြောက်ရုံးချိန်းတို့တွင် တရားသူကြီး မရှိသောကြောင့်ဟုဆိုကာ ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းများသာ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။
"သူတို့ကတော့ တရားသူကြီး ပြောင်းရွှေ့သွားတာမို့ တရားသူကြီးမရှိလို့ မစစ်ဆေးဖြစ်တာလို့ ပြောပါတယ်။ အခုရုံးချိန်းတွေက တရားလိုပြ သက်သေတွေကို စစ်ဆေးရမှာပါ။ သူ့ကိုစစ်ဆေးတုန်းကတော့ သူက သူ့ Facebook အကောင့်မှန်ကန်ပါတယ်လို့ ထွက်ဆိုထားပါတယ်"ဟု တရားလိုဖြစ်သူ ကိုစည်သူအောင်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံအား ညစ်ညမ်းပုံသဖွယ်ပြုပြင်၍ Facebook ပေါ် တင်ခဲ့သည်ဆိုသော ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးကို တရားစွဲဆိုထားမှု တရားသူကြီး မရှိသောကြောင့် ရုံးချိန်းနှစ်ခု ပျက်ခဲ့ရ















