မြိတ်ကျွန်းစုအတွင်းမှ ကျားပါးစပ် ရေလုပ်သားများ ညှဉ်းပန်း နှိပ်စက်ခံရသည်ဟုဆိုကာ မြိတ်မြို့ရှိ အလုပ်သမားရုံးသို့ လာရောက်တိုင်တန်း

မြိတ်ကျွန်းစုအတွင်းမှ ကျားပါးစပ် ရေလုပ်သားများ ညှဉ်းပန်း နှိပ်စက်ခံရသည်ဟုဆိုကာ မြိတ်မြို့ရှိ အလုပ်သမားရုံးသို့ လာရောက်တိုင်တန်း
Published 5 January 2016
ဇော်မိုးဦး (မြိတ်)

မြိတ်ကျွန်းစု အတွင်းမှ ကျားပါးစပ် (ကျားပိုက်လုပ်ငန်း) ရေလုပ်သားများက ညှဉ်းပန်း နှိပ်စက်ခံရသည်ဟုဆိုကာ မြိတ်မြို့ရှိ အလုပ်သမားရုံးသို့ လာရောက် တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ကော့မယ်ကျွန်းပေါ်တွင် ကျားပါးစပ်လုပ်ငန်း လုပ်ကိုင်နေသည့် ရေလုပ်သားများမှာ ညှဉ်းပန်း နှိပ်စက်ခံရသည်ဟု အကြောင်းပြကာ လှေတစ်စီးဖြင့် အုပ်စုလိုက် မြိတ်မြို့သို့ ဇန်နဝါရီ ၅ ရက်က ရောက်ရှိလာကြောင်း သိရသည်။"ကျွန်တော်တို့က ကော့မယ် ကျေးရွာသားတွေပါ။ ပိုင်ရှင်က ဦးကောင်းကောင်းလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ အလုပ်ခွင်ထဲမှာ ညှဉ်းပန်း နှိပ်စက်ခံရဖန်များလာလို့ အခုလို အလုပ်သမားရုံးကို လာတိုင်တန်းတာ ဖြစ်ပါတယ်။ အလုပ်ရှင်က ကျွန်တော်တို့ကို ကျွန်းတစ်ကျွန်းမှာ သဲတွေ သွားကျုံးခိုင်းပါတယ်။ အဲဒီမှာ ကျွန်တော်တို့ အားလုံးတိုင်ပင်ပြီး လှေနဲ့ မြိတ်ကို တက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မိသားစုတွေလည်း အဲဒီကျွန်းမှာ ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ လှေကိုခိုးလာတာ မဟုတ်ပါဘူး။ အခုပိုင်ရှင်ကို ပြန်အပ်ထား ပြီးပါပြီ။ အဓိကအချက်က အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်နေလို့ တာဝန်ရှိသူတွေကို လာတိုင်တန်းတာပါ။ ကျွန်တော်တို့မှာ ဒီနည်းကလွဲပြီး တခြားလုပ်စရာလည်း မရှိတော့ပါဘူး။ နာမကျန်းဖြစ်ရင် ဆေးမြီးတိုကလွဲပြီး တခြား ကုသစရာ မရှိပါဘူး။ နာမကျန်းဖြစ်ပြီး ကျွန်းပေါ်မှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ ညှဉ်းပန်း ရိုက်နှက်ခံရတဲ့ ဒဏ်နဲ့ အိပ်ရာထဲလဲပြီး တဖြည်းဖြည်းနဲ့ တစ်ယောက် သေသွားခဲ့ပါပြီ။ ကျွန်တော်တို့မှာ အကြွေးတွေနဲ့လည်း နစ်နေပါတယ်" ဟု ကော့မယ် ကျေးရွာမှ ရေလုပ်သား တစ်ဦးက ပြောကြားသည်။ အဆိုပါ လုပ်သားများမှာ နှစ်ရှည် လုပ်ကိုင်လာခဲ့သော်လည်း ကြိုတင်ယူငွေများနှင့်  အကြွေးများ တင်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုများ မရှိဘဲ လစာရရှိနှုန်းမှာလည်း အလွန်နည်းပါးသောကြောင့် အလုပ်သမားရုံးသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရေလုပ်သား တစ်ဦးက ဆိုသည်။"ကျွန်တော်တို့ အားလုံး ၁၄ ဦးပါလာတယ်။ ရွာမှာ ရှစ်ဦးကျန်ခဲ့တယ်။ ကျားပါးစပ်မှာက လှေ ၁၁ စင်း ရှိပါတယ်။ လှေတစ်စင်းကို နှစ်ဦးနှုန်း တာဝန်ယူရပါတယ်။ မိသားစုတွေလည်း ကျွန်းပေါ်မှာ ကျန်ခဲ့တယ်။ အလုပ်ခွင်ထဲမှာ ဓားတွေ၊ ပုဆိန်တွေနဲ့ ခြိမ်းခြောက်ပါတယ်။ အမြဲတမ်း ဆဲဆို ကြိမ်းမောင်းသလို လက်သီးနဲ့လည်း ထိုးတတ်ပါတယ်။ အလုပ်ခွင်ဝင်ရတဲ့ နေ့တွေဆိုရင် နေ့ရောညရော အလုပ်ဆင်းရပါတယ်။ ရေသေတဲ့ အပတ်ဆိုရင် တခြားအလုပ်တွေနဲ့  ညပိုင်းကျမှ နားရပါတယ်။ နေမကောင်း ဖြစ်နေရင်လည်း နားလို့မရပါဘူး။ အလုပ်အတင်း လုပ်ခိုင်းပါတယ်" ဟု ရေလုပ်သားများက ပြောကြားသည်။"သူတို့က ကြိုတင်ငွေတွေ အများကြီး ယူထားကြတယ်။ အလုပ်ဝင် လိုက်တာနဲ့ တစ်နှစ်အတွက် အပြီးယူလိုက်ကြတယ်။ လူတစ်ယောက်မှာ အနည်းဆုံး ၁၀ သိန်းကနေ သိန်း ၂၀ အထိ ကြိုတင် ယူထားကြတယ်။ နှိပ်စက် ညှဉ်းပန်းတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်မ အဖေက ပိန်ပိန်လေးပဲ ရှိတယ်။ သူတို့က အုပ်စုများတယ်။ ဘယ်လိုလုပ် နှိပ်စက်လို့ရမလဲ။ ကျားပါးစပ်လုပ်ငန်းက လုပ်ငန်းသဘာဝအရ အလုပ်ကြမ်းပါတယ်။ ဒါကိုသူတို့လည်း သိပါတယ်။ အလုပ်ရဲ့ စည်းမျဉ်းတွေကိုလည်း သူတို့သိတယ်။ သူတို့ မလုပ်ချင်ရင် တခြားထောင်ကဲ (ကျားပိုက်အလုပ်ရှင်) က သူတို့ အကြွေးတွေကို တာဝန်ယူပြီး အလုပ်သမား အပြောင်းအလဲ လုပ်ကြတယ်။ အလုပ်သမား ရှားတော့ ကြိုတင်ငွေတောင်းလည်း ကျွန်မတို့က ပေးရတယ်" ဟု အလုပ်ရှင် မိသားစုဝင် တစ်ဦးက ပြောကြားသည်။အလုပ်သမားရုံးက အဆိုပါ ကိစ္စမှာ အလုပ်ရှင် အလုပ်သမား ပြဿနာဖြစ်ပြီး မိမိတို့ အနေဖြင့် အနိမ့်ဆုံး လုပ်ခဖြစ်သည့် တစ်နေ့ ကျပ် ၃၆၀၀ ပေးအပ်ရန်နှင့် အလုပ်ရှင်အား အလုပ်သမားများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း မပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ အလုပ်သမားများမှာ တစ်လလျှင် ဆန်၊ ကုန်ခြောက် ထောက်ပံ့မှု အပါအဝင် တစ်လကျပ် လေးသောင်းမှ လေးသောင်းခွဲ အထိသာ ရရှိကြပြီး အလုပ်သမားရုံးက ၂၀၁၅ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ရေလုပ်သားများအား တစ်နေ့ ကျပ် ၃၆၀၀ နှုန်းဖြင့် လုပ်ခရှင်းပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။ ကျားပိုက်ရေလုပ်သားများ၏ ညှဉ်းပန်းခံရမှုနှင့် လုပ်ခလစာ နည်းပါးမှုကို အလုပ်သမားရုံးတွင် ဖြေရှင်းမှု မပြတ်သောကြောင့် မြိတ်မြို့မ ရဲစခန်းတွင် ဆက်လက် ဖြေရှင်းလျက်ရှိကြောင်း သိရသည်။မြိတ်ကျွန်းစု အတွင်းရှိ ကျားပိုက် လုပ်ငန်းများမှာ လုပ်ငန်းခွင် ကြမ်းတမ်းပြီး ငွေကြိုတင်ယူမှုများ၊ အလုပ်ရှင် အလုပ်သမား ညှဉ်းပန်းမှုများ၊ စစ်သားစုဆောင်းရေးများ စသည့် ပြဿနာများ မကြာခဏ ကြုံတွေ့နေရကြောင်း သိရသည်။

Most Read

Most Recent