ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည်များကိုသာ ဆွေးနွေးသင့်ပြီး စီးပွားရေးကိစ္စမှာ ဆွေးနွေးရန် မလိုအပ်ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ပြောကြား

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည်များကိုသာ ဆွေးနွေးသင့်ပြီး စီးပွားရေးကိစ္စမှာ ဆွေးနွေးရန် မလိုအပ်ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ပြောကြား
Published 31 December 2015
အောင်ဇော်ထွန်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည်များကိုသာ ဆွေးနွေးသင့်ပြီး စီးပွားရေးကိစ္စမှာ ဆွေးနွေးရန် မလိုအပ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တွင် အဓိက ပါဝင်ဆောင်ရွက်နေသူ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် Myanmar Peace Center မှ တာဝန်ရှိသူများကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က “သူတို့က ကျွန်တော်တို့ဆီ  လာတုန်းက တင်ပြတာက ညီလာခံမှာ ဘာတွေ ဆွေးနွေးမလဲဆိုတော့ လုံခြုံရေးကိစ္စတွေ ဆွေးနွေးမယ်။ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးမယ်။ စီးပွားရေးကိစ္စတွေ ဆွေးနွေးမယ် ဆိုတော့ ကျွန်တော်ပြောတယ်။ လုံခြုံရေးနဲ့  နိုင်ငံရေး ဆွေးနွေးတာတော့ ဒါက သဘာဝကျတယ်။ စီးပွားရေး ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆွေးနွေးသင့်တာက လွှတ်တော်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေ”ဟု ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။
“ဒါကို ငြိမ်းချမ်းရေးမှာ ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ဆွေးနွေးဖို့လည်း မလိုဘူး။ အဲဒါတွေက လွှတ်တော်ကလုပ်မှာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ လုပ်မှာ”ဟု ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စသည်တို့ကို ဆွေးနွေးမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ စတင် ကျင်းပမည်ဖြစ်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးရမည့် အကြောင်းအရာများအဖြစ် နိုင်ငံရေး၊ လူမှုရေး၊  စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ စသည့် ခေါင်းစဉ်ကြီး ငါးရပ်ကို နိုင်ငံရေးဆိုင်ရာ မူဘောင်တွင် ပါဝင်သော မူများပေါ်တွင် အခြေခံ၍ ဆောင်ရွက်သွားရမည်ဟု မူဘောင်ပါ အချက်အလက်များ အရ သိရသည်။
နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးရမည့် စီးပွားရေးကဏ္ဍပါ အကြောင်းအရာများမှာ အမျိုးသား စီးပွားရေး မူဝါဒဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း၊ ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒ ကိစ္စရပ်များ စသည်တို့ ဖြစ်ကြောင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အချက်အလက်များအရ သိရသည်။
NLD တာဝန်ရှိသူများနှင့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့တို့ ထပ်မံတွေ့ဆုံမည့် အခြေအနေ ရှိ မရှိနှင့် ပတ်သက် ပြီး ဦးဝင်းထိန်က “နောက်အပတ်ထဲမှာတော့ သူတို့ထဲက တချို့နဲ့တော့ တချို့ဆိုတာ ဆုံးဖြတ်ချက် ချနိုင်မယ့် ပုဂ္ဂိုလ်တွေကို တွေ့ဖို့ ပြောထားတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ တွေ့မယ်။ ကျွန်တော်လည်း ပြန်ရမယ်။ ကျွန်တော်လည်း အဲဒီအထဲမှာ ပါတာကိုး။ ၁၂ ၊ ၁၃၊ ၁၄ လုပ်မယ့် ညီလာခံကို သူတို့ဘက်က တစ်ပတ်လုပ်ချင်တယ်။ ကျွန်တော်တို့က တစ်ပတ်လုပ်ရင် အချိန်လည်း ကုန်မယ်။ နှစ်ချက်ပေါ့။ ညီလာခံကို ရက်ရှည်လုပ်တာ မလိုချင်ဘူး။ ရက်ရှည်လုပ်ခြင်းအားဖြင့် ဘယ်လိုမှ အကျိုးမရှိဘူး။ ပိုက်ဆံပိုကုန်မှာပဲ ရှိတယ်။ ပြီးတော့ နိုင်ငံတကာက ထောက်ပံ့တဲ့ ပိုက်ဆံတွေ အလကား သုံးတာ ဒေါ်အောင်ဆန်းစုကြည်က မကြိုက်ဘူး။ နှစ်အချက်က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တစ်ယောက်မှမရတဲ့ ပါတီတွေကို CSO သဘောမျိုး သတ်မှတ်ဖို့။ နိုင်ငံရေးပါတီ အစုအဖွဲ့ကနေ ပါဖို့ မသင့်ဘူးလို့ ကျွန်တော်တို့က တိုက်တွန်းမယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကျွန်တော်တို့ ဒီစကားပြောပြီးပြီ”ဟု ပြောကြားသည်။
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချနိုင်မည် မဟုတ်ကြောင်းနှင့် လက်ရှိရေးဆွဲ အတည်ပြုထားသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အချက်များကို ပြုလွယ်ပြင်လွယ်ဖြစ်သည့် အခြေအနေမျိုး ရေးဆွဲထားကြောင်း သိရသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ ကျင်းပကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်သည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ကို အစိုးရအစုအဖွဲ့မှ သုံးဦး၊ လွှတ်တော်အစုအဖွဲ့မှ သုံးဦး၊ တပ်မတော် အစုအဖွဲ့မှ သုံးဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစုအဖွဲ့မှ သုံးဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှသုံးဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။                

Most Read

Most Recent