နိုဝင်ဘာလအတွက် လုပ်ခလစာများ ရရှိရေး သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများ တစ်လနီးပါး ကြာသည်အထိ တောင်းဆိုမှုများ မရသေးကြောင်း ဒီဇင်ဘာ ၂၉ ရက်က စုံစမ်းသိရသည်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လှိုင်သာယာ စက်မှုဇုန် (၄)ရှိ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ခန့်သည် နိုဝင်ဘာလတွင် အလုပ်ချိန် အပြည့်အ၀ ဆင်းသော်လည်း လုပ်ခလစာများမှာမူ မရသေးသည့်အတွက် ဒီဇင်ဘာ ၄ ရက်မှစ၍ ဆန္ဒပြတောင်းဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ တောင်းဆိုမှုများအား မရရှိသေးကြောင်း သိရသည်။
“မနေ့က မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးရုံးမှာ အလုပ်သမားရေးဆိုင်ရာ အကြီးအကဲတွေက ကျွန်မတို့ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ လာခဲ့ကြတယ်။ အဲဒီကို ကျွန်မတို့ အလုပ်သမား ကိုယ်စားလှယ်တွေလည်း ရောက်လာတယ်။ စက်ရုံက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ သူတစ်ယောက်မှ မရောက်လာဘူး။ စက်ရုံက လုံခြုံရေးရယ်၊ မီးပူတိုက်တဲ့ သူရယ်ပဲ ရောက်လာတယ်။ အရေးကြီးတဲ့ ကိစ္စဆွေးနွေးမယ်ပွဲကို သူတို့ဘက်က မရောက်လာတဲ့ အတွက် လူကြီးတွေတောင် စိတ်ဆိုးကုန်တယ်။ အဲဒါကြောင့် သွားခေါ်တော့ စက်ရုံရဲ့ ထုတ်လုပ်မှု မန်နေဂျာတစ်ယောက် ရောက်လာတယ်။ သူကစက်ရုံက ဂျင်နရယ်ပါဝါ လွှဲပြောင်းပေးထားတဲ့ သူလည်း မဟုတ်ဘူး။ အဲဒီတော့ ဆွေးနွေးပွဲက ဘာရလဒ်မှ မထွက်ဘူး” ဟု အလုပ်သမား တစ်ဦးဖြစ်သူမမိုးစန္ဒာမြင့်က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “အလုပ်ရှင်ဘက်ကတော့ ဒီအမှုကို ခုံသမာဓိရုံးကို တက်မယ် ပြောပြီး စာတင်လိုက်ပြီ။ ကျွန်မတို့ကတော့ မတက်ချင်ဘူး။ ဒီမှာတင် ပြေလည်ချင်တာ။ သူတို့ဘက်က တက်မယ်ဆိုတော့လည်း တက်ရတာပေါ့”ဟု ဆိုသည်။
နိုဝင်ဘာလအတွက် လုပ်ခလစာများ ရရှိရေး သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများက လှိုင်သာယာမှ ရှစ်မိုင်ရှိ အလုပ်သမားရုံးထံသို့ ဆန္ဒဖော်ထုတ်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ခွင့်ပြုမိန့် တင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား အလုပ်မလုပ်ဟု ဆိုကာ စက်ရုံ တာဝန်ရှိသူများက နိုဝင်ဘာလလစာကို မပေးချေဘဲ ၁၅ ရက်စာကိုသာ ပေးချေပါမည်ဟု ဆိုသည်။ အလုပ်သမားများက ၎င်းတို့သည့် လုပ်ငန်းခွင်သို့ အလုပ်ချိန်အတိုင်း ပုံမှန်လာရောက်ပါကြောင်း၊ ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံအသစ်သို့ ၎င်းတို့ ချုပ်လုပ်နေသည့် စက်ပစ္စည်းများကို ပေးပို့လိုက်ရသည့် အတွက်ကြောင့် လုပ်ငန်းခွင ်မတွင်ကျယ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလုပ်သမားများအား နိုဝင်ဘာလအတွက် လုပ်ခလစာများ မပေးချေသဖြင့် ဒီဇင်ဘာ ၄ ရက်တွင် အလုပ်သမားများသည် စက်ရုံရှေ့တွင် အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ယင်းသို့ တောင်းဆိုသော်လည်း အလုပ်ရှင်က တောင်းဆိုမှုများအား လိုက်လျောခြင်း မရှိသေးသဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် ထိပ်တန်းမြန်မာ စက်ရုံရှေ့၌ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြသည်။
ယင်းအပြင် ဒီဇင်ဘာ ၂၄ ရက်တွင် ထိပ်တန်း မြန်မာ စက်ရုံ အလုပ်သမားများသည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် လှိုင်သာယာ မြို့နယ်အတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လုပ်ခလစာရရှိရေး သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများ တစ်လနီးပါး ကြာသည်အထိ တောင်းဆိုမှုများ မရသေး















