၂၀၁၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထင်ရှားသူများအနက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကွယ်လွန်ခဲ့သူမှာ နိုင်ငံရေး ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်များတွင် နာမည်ကျော်ကြားခဲ့သူ၊ “ဘုံဘဝမှာဖြင့်” စာအုပ် ရေးသားခဲ့သူ နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြ ဖြစ်ပါသည်။ သခင်တင်မြသည် ကွယ်လွန်ချိန်တွင် အသက် (၉၁) နှစ်ရှိပြီ ဖြစ်ပါသည်။သခင်တင်မြကို ၁၉၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့၌ အဘ ဦးဘိုးငြိမ်း၊ အမိ ဒေါ်အုန်းပွင့်တို့မှ မွေးဖွားခဲ့သည်။ ၁၉၃၈-၃၉ (၁၃၀၀ပြည့်) အရေးတော်ပုံတွင် သာမဏေဘဝမှ လူထွက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် စတင် ပါဝင်ခဲ့သည်။ ဓနုဖြူမြို့ တို့ဗမာ အစည်းအရုံးတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် သာယာဝတီထောင်၊ အင်းစိန်ထောင်တို့တွင် အကျဉ်းကျခဲ့သည်။သခင်တင်မြ၏ ပထမဆုံး ပုံနှိပ်စာမှာ ပြည်သူ့အာဏာ ဂျာနယ်တွင် ထည့်သွင်းခဲ့သည့် နိုင်ငံရေး ဆောင်းပါးများ ဖြစ်သည်။ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသွားသောအခါ အလံနီ ကွန်မြူနစ်ပါတီမှ ထုတ်ဝေခဲ့သည့် အာဏာသစ် ဂျာနယ်တွင် တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သခင်တင်မြ၏ နာမည်ကျော် “ဘုံဘဝမှာဖြင့်” ကိုယ်ရေး အတ္ထုပ္ပတ္တိ ခြောက်အုပ်တွဲအနက် သုံးအုပ်ကို တောခိုပြီး ၁၉၆၀ ပြည့်နှစ် အချုပ်၌ နေစဉ်အတွင်း စတင်ရေးသားခဲ့ခြင်း ဖြစ်သည်။ ဘုံဘဝမှာဖြင့် စာအုပ်မှာ ၁၉၃၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ၂၂ နှစ်တာ ကာလအတွင်း နိုင်ငံရေး လောကတွင် တွေ့ကြုံခဲ့သမျှကို ရေးသားခဲ့သည့် ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။သခင်တင်မြသည် ပင်တိုင်ကလောင်အမည် သခင်တင်မြအပြင် ကေဒါရဲဘော်တစ်ဦး၊ ရဲဘော်ဖြိုးအောင် အမည်တို့ဖြင့် မဂ္ဂဇင်းများ၊ ဂျာနယ် စာစောင်များတွင် နိုင်ငံရေး ဆောင်းပါးများ၊ သမိုင်းဆိုင်ရာ ဆောင်းပါးများစွာ ရေးသားခဲ့သည်။လုံးချင်းစာအုပ်များအဖြစ် ဘုံဘဝမှာဖြင့်၊ သမိုင်းတစ်ခေတ်သစ်ခဲ့ပြီ၊ ဖက်ဆစ် တော်လှန်ရေးတိုင်း ၁၀ တိုင်းနှင့် ဌာနချုပ်၊ ကေဒါပါတီမှ ပြည်သူ့ပါတီသို့ အစရှိသည့် စာအုပ်များအပြင် ၂၀၀၇ ခုနှစ်တွင် သီဟရတနာ စာအုပ်တိုက်မှ ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ စာအုပ်ကို ထုတ်ဝေခဲ့သည်။ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကိုလည်း ပြုစုခဲ့ပါသည်။ ကလောင်ခွဲ ရဲဘော် ဖြိုးအောင် အမည်ဖြင့် မူရင်းအင်္ဂလိပ် စာအုပ်များကို စုဆောင်းပြုစုသော စာအုပ်များမှာ “ဆိုရှယ်လစ် စီးပွားရေး တည်ထောင်စ အတွေ့အကြုံများ” နှင့် “သမဝါယမ အခြေခံမူများနှင့် ဖြစ်ပေါ်တိုးတက်မှု” စာအုပ်များ ဖြစ်သည်။
“ဘုံဘဝမှာဖြင့်” စာအုပ် ရေးသားခဲ့သူ နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြ ကွယ်လွန်ခြင်း