ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအား အမိန့်မချမီနှင့် အမိန့်ချပြီး ရက်များတွင် မဲဆောက်ပတ်ဝန်းကျင်၌ မြန်မာနိုင်ငံသားခရီးသွားနှင့် ဈေးဆိုင်များအား ထိုင်းရဲမှ ဝင်ရောက်ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း မဲဆောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ယခုရက်ပိုင်းအတွင်း ထိုင်းရဲများက မြန်မာနိုင်ငံသားများအား စိုးရွံ့မှုရှိနေစေရန် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု မဲဆောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ဆောင်ရွက်နေသူ ဦးမိုးကြိုးက ပြောကြားသည်။၎င်းက“ မနေ့က မဲဆောက်ဈေးအတွင်း အပြင်ဖမ်းတယ်။ ဒီနေ့က နာမည်ကျော် ဖိုးထူးလက်ဘက်ရည်ဆိုင်ရှိတဲ့ ‘ဝဏ’ ပလာဇာ မှာဖမ်းတယ်။ မြန်မာဈေးသည်တွေရော လမ်းသွားလမ်းလာရော ပတ်စ်ပို့ကိုင်ဆောင်ထားပြီး ဘန်ကောက်ကနေ မြန်မာပြည်ကိုပြန်မယ့် သူအချို့ရောဖမ်းတယ်။ လိပ်ကျွန်းလူသတ်မှု စီရင်ချက်မချမီနဲ့ ချအပြီး မဲဆောက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကြိုတင်ခြောက်လှန့်တဲ့သဘောလို့ ယူဆနေကြပါတယ်”ဟုဆိုသည်။သို့ဖြစ်၍ မဲဆောက်မြို့တွင် နာမည်ကြီး ဖိုးထူးလက်ဘက်ရည်ဆိုင်အပါအဝင် မြန်မာနိုင်ငံသားများ ရောင်းချသည့် ဈေးဆိုင်များ ပိတ်ထားရသည်ဟု ဆိုသည်။မဲဆောက်မြို့မှ ကိုထော်ကြီးက “မဲဆောက်ဖိုးထူး ဒီနေ့ပိတ်တယ်။ မနေ့ကတော့ ဝင်မသွားတယ်။ မဲဆောက်က ဆိုင်တော်တော်များများ မနေ့က ပိတ်ထားကြတယ်။ ဆိုင်အလုပ်သမားတွေကို လုပ်ငန်းနဲ့ အလုပ် လုပ်ခွင့် လက်မှတ်ထဲက အလုပ်အမျိုးအစား တိုက်စစ်ဆေးတာတွေ လုပ်တယ်။ ငွေညှစ်လို့ မကိုက်ရင်ဆွဲတယ်။ တရားရုံးတင်တယ်” ဟုပြောကြားသည်။လိပ်ကျွန်းဂယက်ကြောင့်ဟု အတိအကျ မဟုတ်သော်လည်း ကြိုတင်လူဖမ်းပွဲ ကျင်းပနေခြင်းဖြစ်သည်ဟု မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများက ယူဆနေကြကြောင်း သိရသည်။ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက “ဟုတ်တယ်။ ဆန္ဒပြတာတွေ ဘာတွေ မလုပ်ရဲအောင်၊ လူစုလို့မရအောင်။ အခုဘန်ကောက်က ပြန်လာတဲ့သူတွေကို ကမ်းနဖူးမှာ ပတ်စ်ပို့စစ်ပြီး ငွေညှစ်နေတယ်။ ပတ်စ်ပို့စာအုပ် သိမ်းယူထားတာတောင် ရှိတယ်”ဟုဆိုသည်။
လိပ်ကျွန်းလူသတ်မှု အမိန့်မချမီနှင့် အမိန့်ချပြီးရက်များတွင် မဲဆောက်ရဲများ ဖမ်းဆီးခြင်းကြောင့် မြန်မာနိုင်ငံသားများ ရောင်းချသည့်ဆိုင်များ ပိတ်ထားရဟု ဆို















