အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း

အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း
Published 16 December 2015

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ် ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကျဆင်းခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ မိုးခေါင်မှုသည် ဘိန်းစိုက်ပျိုးမှု ကျဆင်းစေသည့် အဓိကအချက်တစ်ခုဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
 
အကုန်အကျများသော အမေရိကန် နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးစီမံကိန်းများကို ဆယ်စုနှစ်တစ်ခုကြာ လုပ်ဆောင်ခဲ့သော်လည်း ဘိန်းစိုက်ခင်းများသည် တာလီဘန်စစ်သွေးကြွများ အင်အားကောင်းသည့် နယ်မြေများအပါအဝင် အာဖဂန်နစ္စတန်တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် တိုးပွားလာခဲ့သည်။
 
၂၀၁၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဧရိယာစုစုပေါင်းသည် ၁၈၃,၀၀၀ ဟက်တာ (ဧက ၄၅၂,၂၀၃ )ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး UNODC ၏ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း တောင်ပိုင်းပြည်နယ်ဖြစ်သည့် ဟယ်မန်သည် ဘိန်းစိုက်ပျိုးမှု အများဆုံးပြည်နယ်အဖြစ် ဦးဆောင်နေသည်ဟု သိရသည်။
 
ရေသွင်းစိုက်ပျိုးရန်အတွက် ရေအလုံအလောက်ရရှိမှု နည်းပါးသောကြောင့် လယ်သမားအချို့သည် ဘိန်းမစိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု UNODC ၏ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင်  ဖော်ပြထားသည်။
 
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းသည် ဘိန်းစိုက်ပျိုးမှု ကျဆင်းသည့် အခြေခံအကြောင်းရင်း တစ်ခုဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သော်လည်း ယင်းသည် အဓိကကဏ္ဍ မဟုတ်ဟု ပညာရှင်များက သတိပေးခဲ့သည်။
 
တာလီဘန်များကြီးစိုးသည့် ဒေသသည် ကမ္ဘာလုံးဆိုင်ရာ ဘိန်းဝယ်လိုအားကို  ဖြည့်ဆည်းပေးနိုင်သည့် တစ်ခုတည်းသော ဒေသဖြစ်သည်ဟု UNODC ဌာနေအကြီးအကဲ အင်ဒရေအေဗက်တီယန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
 
ကမ္ဘာ့ဘိန်းထုတ်လုပ်သူများအဖြစ် ဦး ဆောင်နေသည့် အာဖဂန်နစ္စတန်ရှိ ဘိန်းစိုက်ပျိုးသူများသည် တာလီဘန်များကို မကြာခဏ အခွန်ပေးဆောင်ရသည်။ တာလီဘန်တို့သည် ယင်းငွေကြေးကို အစိုးရနှင့် နေတိုးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်သည့် စစ်ဆင်ရေး ရန်ပုံငွေအတွက် အသုံးပြုခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အလှူရှင်များသည် အာဖဂန်နစ္စတန်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် ဒေါ်လာဘီလျံနှင့်ချီ အသုံးပြုခဲ့သည်။   Ref: AFP
 
 
 

Most Read

Most Recent