မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ပန်းချီဆရာကြီး လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးစန်းလှိုင် ကွယ်လွန်

မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ပန်းချီဆရာကြီး လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးစန်းလှိုင် ကွယ်လွန်
Published 16 December 2015

မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ပန်းချီဆရာကြီး လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးစန်းလှိုင်သည် ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
 
ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာကြီးဦးစန်းလှိုင်ကို လာမည့် ဒီဇင်ဘာ ၁၉ ရက် နေ့လည် ၁ နာရီတွင် ရေဝေးသုဿာန် ၌ မြေမြှပ်သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။ ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် ကွယ်လွန်ချိန်အထိ ပန်းချီရေးဆွဲခြင်းကို ပြုလုပ်ခဲ့ပြီး ပန်းချီနှင့် သက်ဆိုင်သည့် အစည်းအရုံးတို့တွင် နာယကအဖြစ် တာဝန်ယူခဲ့သည်။ ဆရာကြီး၏ နောက်ဆုံးပန်းချီပြပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် မှ ၁၉ ရက်အထိ Strand Hotel တွင်ပြုလုပ်ခဲ့ပြီး ဆရာကြီး၏ အထုပ္ပတ္တိစာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
 
ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် အသက် ၁၃ နှစ်အရွယ်မှစပြီး ပန်းချီရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဆရာကြီးဦးစန်းလှိုင်၏ လက်ဦးဆရာများမှာ ဦးသိန်းညွန့်၊ ပန်းချီဦးငွေကိုင်၊ ပန်းချီဦးလှမောင်ကြီးတို့ ဖြစ်သည်။  ဒုတိယကမ္ဘာစစ်ကာလတွင် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)သို့ ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးလှုပ်ရှား ဆောင်ရွက်ချက်များကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ရရှိခဲ့သည်။ ပန်းချီဦးစန်းလှိုင်သည် မြန်မာမှုပန်းချီလက်ရာများတွင် နာမည်ကျော်ကြားခဲ့ပြီး ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော် ဇာတ်လမ်းများ၊ အခြားရုပ်ပြလက်ရာများစွာနှင့် မျက်နှာဖုံးသရုပ်ဖော်ပန်းချီများ ရေးဆွဲခဲ့သည်။  ထို့ပြင် ဘာသာရေးပန်းချီများစွာ ရေးဆွဲခဲ့ပြီး ဘာသာရေးမဂ္ဂဇင်းသရုပ်ဖော်ပုံများကိုလည်း လစဉ်ရေးဆွဲခဲ့သည်။ ပန်းချီရေးဆွဲသည့် သက်တမ်းတစ်လျှောက် မြန်မာ့ရိုးရာပန်းချီကိုသာ တစိုက်မတ်မတ် ရေးဆွဲခဲ့သည့် ပန်းချီဆရာကြီးဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent