၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ယခင်နှစ် အလားတူ ကာလထက် ရငွေလျော့နည်းခဲ့သော်လည်း သုံးငွေ ပိုများခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ယခင်နှစ် အလားတူ ကာလထက် ရငွေလျော့နည်းခဲ့သော်လည်း သုံးငွေ ပိုများခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား
Published 14 December 2015
စိုးမင်းထိုက်၊ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ရငွေသုံးငွေ ကဏ္ဍတွင် ယခင်နှစ် ကာလထက် ရငွေလျော့နည်းခဲ့သော်လည်း သုံးငွေ ပိုများခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။ဒီဇင်ဘာ ၁၄ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းစဉ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ရငွေရရှိမှုမှာ ကျပ် ၆၅၂၄ ဒသမ ၄၀၆ ဘီလျံ ဖြစ်ပြီး ယခင်နှစ် အလားတူကာလ ရငွေရရှိမှုမှာ ကျပ် ၇၀၀၃ ဒသမ ၇၁၀ ဘီလျံ ဖြစ်သဖြင့် ကျပ် ၄၇၉ ဒသမ ၃၀၄ ဘီလျံ လျော့နည်းခဲ့ကြောင်း၊ သုံးငွေမှာ ၂၁၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ကျပ် ၈၂၃၀ ဒသမ ၅၄၂ ဘီလျံဖြစ်ပြီး ယခင်နှစ် အလားတူ ကာလတွင် ကျပ် ၆၄၁၃ ဒသမ ၇၅၈ ဘီလျံ ဖြစ်သဖြင့် ကျပ် ၁၈၁၆ ဒသမ ၇၈၅ ဘီလျံ ပိုလာကြောင်း သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်ထက် ယခုနှစ် ပထမ ခြောက်လပတ်တွင် ရငွေလျော့နည်းရခြင်းမှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၌ ဆက်သွယ်ရေးလိုင်းနှုန်း အခွန်အခရငွေ အမေရိကန် ဒေါ်လာ ၇၅၅ သန်း အပါအဝင် ရငွေကျပ် ၁၂၁၂ ဒသမ ၀၈၅ဘီလျံ ရရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခု၊ ပထမ ခြောက်လတွင် ကျပ် ၃၅၇ ဒသမ ၈၂၃ ဘီလျံသာ ရရှိခြင်း၊ စွမ်းအင် ဝန်ကြီးဌာန၏ ရငွေမှာ ယခင်နှစ် ပထမ ခြောက်လပတ်တွင် ကျပ် ၁၇၉၅ ဒသမ ၀၁၃ ဘီလျံ ရရှိခဲ့ပြီး ယခုနှစ် ပထမ ခြောက်လပတ်တွင် သဘာ၀ ဓာတ်ငွေ့နှင့် လေယာဉ်ဆီ ရောင်းရငွေများ လျော့နည်း ရရှိခြင်းကြောင့် ကျပ် ၁၄၄၉ ဒသမ ၇၆၂ ဘီလျံသာ ရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။ထို့ပြင် ၂၀၁၄-၂၀၁၅ ခု၊ ပထမ ခြောက်လတွင်မူ လှည့်ပတ်ရန်ပုံငွေ စာရင်းများ ပိတ်သိမ်းပြီး နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းစေခြင်း၊ ဖမ်းဆီးရမိ ပစ္စည်းများ လေလံတင် ရောင်းချခြင်းတို့ ပါဝင်ခြင်းကြောင့် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေမှာလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ရငွေမှာ ကျပ် ၃၀၁၅ ဒသမ ၆၀၂ ဘီလျံဖြစ်ပြီး ယခင်နှစ် အလားတူ ကာလတွင် ကျပ် ၃၈၀၂ ဒသမ ၇၈၂ ဘီလျံ ရရှိခဲ့သဖြင့် ကျပ် ၇၈၇ ဒသမ ၁၈ ဘီလျံ လျော့နည်းသွားကြောင်း သိရသည်။ထို့အတူ သုံးငွေ ပိုမိုလာရခြင်းမှာ နိုင်ငံဝန်ထမ်း လစာများ၏ လစာနှုန်းထားများ တိုးမြှင့်ခဲ့ခြင်း၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့တွင် ပိုမို သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။ထို့ပြင် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင်လည်း ဘဏ်အပ်ငွေအပေါ် အတိုးများ ပိုမိုလာခြင်း၊ ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် နှစ်ဟောင်း ဝင်ငွေခွန် ကြွေးကျန်များ ပေးချေခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာနတွင် နှစ်ဟောင်းအတွက် သစ်ထုတ်/သစ်သယ် စရိတ်များ ပေးချေခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း တိုးမြှင့်လာခြင်း၊ ချေးငွေ အတိုးအရင်း ပေးဆပ်မှုများ၊ ပြည်ပ အကူအညီ ရငွေနှင့် ချေးငွေများ ယခင်နှစ် အလားတူ ကာလထက် ပိုမိုများခြင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံခြားသံရုံးအချို့မြေ၊ အဆောက်အအုံ ဝယ်ယူခြင်းနှင့် ဆောက်လုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ရငွေသုံးငွေ လျာထားချက်တွင် ရငွေမှာ ကျပ် ၇၁၂၂ ဒသမ ၅၆၄ ဘီလျံ၊ သုံးငွေမှာ ကျပ် ၉၃၇၇ ဒသမ ၃၄၀ ဘီလျံ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent