ပြစ်မှုကျူးလွန်ကြောင်း သက်သေ အခိုင်အမာ မပြနိုင်သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည်

ပြစ်မှုကျူးလွန်ကြောင်း သက်သေ အခိုင်အမာ မပြနိုင်သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမည်
Published 10 December 2015
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင်အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ ရက် ကဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် စွဲချက်အတင်ခံ ထားရသည့် မြန်မာလုပ်သားနှစ်ဦးကို ယခုလ ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းရဲတပ်ဖွဲ့၏ အငြင်းပွားဖွယ် ဆောင်ရွက်ချက်များကြောင့် ကမ္ဘာသိခဲ့သည့် ထိုလူသတ်မှုတွင် ရွှေ့ပြောင်း မြန်မာလုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြစ်မှုကျူးလွန်သည်ဟုဆိုကာ သေဒဏ်ချမှတ် နိုင်သည့်ပုဒ်မများဖြင့် ကော့စမွီခရိုင် တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၅ ဒီဇင်ဘာ ၂၄ တွင် အပြီးသတ် အမိန့်ချမည် ဖြစ်သည်။
ပြီးခဲ့သည့် တရားခွင် စစ်ဆေးချက်များတွင် စွဲချက် အတင်ခံထားရသူများသည် ကျူးလွန်သည်ဟု မျက်မြင်သက်သေနှင့်တကွ ခိုင်မာသည့် သက်သေပြချက်များ မပေးနိုင်ခဲ့သောကြောင့် သံသယရှိသူများ ဖြစ်နေသည့်အတွက်  လွတ်မြောက်ရန် အားသာနေသော်လည်း တရားစွဲ အဖွဲ့အစည်းမှာ ထိုင်းရဲတပ်ဖွဲ့ ဖြစ်နေသည့်အတွက် ထိုင်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာအတွက် ပြစ်ဒဏ် ချမှတ်နိုင်ဖွယ်လည်း ရှိနေကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က သုံးသပ်သည်။
၎င်းက”ဥပဒေအရဆိုရင်တော့ အပြစ်ပေးလို့မရဘူးခင်ဗျ။ တစ်ခုတော့ ရှိတာပေါ့လေ။ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ကလေးတွေကို တရားစွဲတာက ရဲတပ်ဖွဲ့ ဖြစ်နေတော့ သူတို့သိက္ခာပိုင်းဆိုင်ရာ ဖြစ်နေတယ်။သိက္ခာပိုင်းဆိုင်ရာ ဖြစ်နေတော့ သိက္ခာဆယ်တဲ့အနေနဲ့ အပြစ်ပေးမယ်ဆိုရင်လည်း ဒါက သူတို့ နိုင်ငံမှာရှိနေတဲ့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေအနေနဲ့ ဘာမှမတတ်နိုင်ဘူးပေါ့”ဟု မှတ်ချက်ပြုသည်။
ထို့ပြင်မြန်မာလုပ်သား နှစ်ဦးအား မည်သည့် ပြစ်ဒဏ် ချမှတ်သည်ဖြစ်စေ၊ မချမှတ်သည်ဖြစ်စေ ၎င်းတို့ နှစ်ဦးအမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံး အထူးအဖွဲ့အနေဖြင့် ရှေ့ဆက် လုပ်ဆောင်သွားမည့် အစီအစဉ်များ အဆင်သင့် ရှိနေကြောင်းလည်း ဦးအောင်မျိုးသန့်က ထပ်လောင်းပြောကြားသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကလေးတွေ လွတ်သွားပြီဆိုရင်လည်း ကျွန်တော်တို့က ရှေ့ဆက်ဖို့ အနေအထားတွေ ရှိနေပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့တကယ်လို့ ကျွန်တော်တို့ဘက်က တရားသေ လွတ်သွားပြီးရင် ထိုင်းအစိုးရ ရှေ့နေဘက်က ပြင်ဆင်ချက်တက်ဖို့ စီစဉ်ပါလိမ့်မယ်။အဲ့ဒီအတောအတွင်းမှာ ဒီကလေးနှစ်ဦးကို ထောင်ထဲမှာပဲထားဖို့ လျှောက်ထားရင် ကျွန်တော်တို့ဘက်ကနေပြီးတော့ ကလေးတွေက အပြစ်မရှိလို့ လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အပြင်ကနေပြီးတော့ပဲ သူတို့ရဲ့ပြင်ဆင်ချက်ကို ရင်ဆိုင်သွားဖို့ လုပ်ရပါလိမ့်မယ်။တကယ်လို့  အပြစ်ပေးလိုက်တယ်ဆိုရင်လည်း ဘန်ကောက်မှာရှိတဲ့ တရားရုံးချုပ်ကို ကလေး တွေအတွက် အယူခံဝင်ရပါလိမ့်မယ်။ ဒါကိုလည်း မြန်မာသံရုံးက သံအမတ်ကြီးနဲ့ တိုင်ပင်ပြီးသား ဖြစ်ပါတယ်”ဟု ဆိုသည်။
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်ရှိ ဒီအင်အေနှင့် စွပ်စွဲခံထားရသူများ၏ ဒီအင်အေကို ပြန်လည်တိုက်ဆိုင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် တူညီမှုမရှိကြောင်း ထိုင်းနိုင်ငံ၏ ကျော်ကြားသည့် မှုခင်းဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဖွန်တစ်က တရားခွင်ရုံးချိန်းတစ်ခုတွင် လာရောက် သက်သေပြ ထွက်ဆိုခဲ့သည်။  မြန်မာလုပ်သား နှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် ပြစ်မှုပုဒ်မ-၇ခုဖြင့် စွဲချက်တင်ထားခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ ဥပဒေအရ ပြစ်မှုထင်ရှားပါက သေဒဏ်ထိ ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်နိုင်သည်။          

Most Read

Most Recent