မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်လာမည့် ၂၂၅ မဂ္ဂါဝပ်ရှိ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မြင်းခြံ ဒေသတွင် ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှုပ်နှံကာ ၂၀၁၆ နှစ်ဆန်းပိုင်း စတင်တည်ဆောက်မည်

မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်လာမည့် ၂၂၅ မဂ္ဂါဝပ်ရှိ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မြင်းခြံ ဒေသတွင် ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှုပ်နှံကာ ၂၀၁၆ နှစ်ဆန်းပိုင်း စတင်တည်ဆောက်မည်
Published 7 December 2015
နီလာ၊ ထက်ရှိုင်း

မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်လာမည့် ၂၂၅ မဂ္ဂါဝပ်ရှိ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံကာ လာမည့် ၂၀၁၆ နှစ်ဆန်းပိုင်းအတွင်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (MOEP) လက်အောက်ရှိ လျှပ်စစ်ဓာတ်အား စီမံရေး ဦးစီးဌာန (DEPP) နှင့် အကျိုးတူ ပူးပေါင်း ကုမ္ပဏီများ ဖြစ်ကြသည့် Sembcorp Utilities Pte Ltd နှင့် MMID Utilities Pte Ltd တို့သည် မြင်းခြံ ဒေသတွင်၂၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအတွက် ဒီဇင်ဘာ ၄ ရက်က သဘောတူညီမှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အလယ်ပိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် တည်ဆောက်မည့်Gas-Fired Independent Power Plant သည် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် အကုန်အကျခံကာ တည်ဆောက် သွားမည်ဖြစ်ပြီး ခေတ်မီ နည်းပညာများကို အသုံးပြု၍ သဘာ၀ ပတ်ဝန်းကျင်အား ထိခိုက်မှု အနည်းဆုံးနှင့် စွမ်းအင် ပမာဏကို  အများဆုံး ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော စက်ရုံဖြစ်ကြောင်း Sembcorp ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ စီမံကိန်းကြီး တည်ဆောက်ပြီးသည့် နောက်တွင် မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်များအတွက် လိုအပ်နေသော လျှပ်စစ် ဓာတ်အားများကို ပေးအပ်နိုင်ရန် အထောက်အကူ ရရှိမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ ခန့်မှန်း တွက်ချက်မှုများအရ နောင် ၁၅ နှစ်တွင် နှစ်စဉ် ၁၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။မြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်း (MEPE) သည် မြန်မာ့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန (MOEP) လက်အောက်ရှိ နိုင်ငံပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး International Finance Corporation of the World Bank Group မှ အကြံပေးများနှင့် ပူးပေါင်း ဆောင်ရွက်ကာ နိုင်ငံတကာအဆင့် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါ အောင်မြင်ထားသော အဖွဲ့အစည်းအား ၎င်းစီမံကိန်းကို တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ခြင်းနှင့် လွှဲပြောင်းခြင်း (BOT) စနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။             အဆိုပါ စီမံကိန်းတွင် Sembcorp Utilities Pte Ltd သည် ရာခိုင်နှုန်း ၈၀ နှင့် MMID Utilites Pte Ltd သည် ရာခိုင်နှုန်း ၂၀ ကို ပိုင်ဆိုင်ကာ အထက်ဖော်ပြပါ လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသည်။ ယေဘုယျအားဖြင့် ၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ပြီး မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း (MEPE) နှင့် သဘောတူညီချက်ဖြစ်သော Power Purchase Agreement (PPA) ဖြင့် ၂၂ နှစ်ကြာ ဤလုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။Sembcorp Utilities Pte Ltd အနေဖြင့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရင်းနှီးမြုပ်နှံခွင့်ရသည့် အဆိုပါ စီမံကိန်း အပေါ်တွင် စိတ်လှုပ်ရှား ကျေနပ်မှု ရှိကြောင်း၊ ယခု တည်ဆောက်မည့် စက်ရုံသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင် လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် စက်ရုံ ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အလက်များ အတွက် MOPE နှင့် MMID Utilities Company တို့နှင့်အတူ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Mr Tan Cheng Guan က ပြောကြားသည်။စီမံကိန်း တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ အကုန်အကျခံ ရင်းနှီးမြှုပ်နှံမှုအတွက် လျာထားချက်များကို ရှယ်ယာများနှင့် ငွေကြေး ထောက်ပံ့မှုတို့မှ ၂၀၁၆ ခုနှစ်၏ ပထမ ခြောက်လပတ်တွင် စုပေါင်း အချိုးကျ ထည့်ဝင်မည်ဖြစ်ပြီး ၎င်းစီမံကိန်းကို ၂၀၁၆ ခုနှစ်၏ ပထမ ခြောက်လပတ် အစောပိုင်းမှာ စတင် တည်ဆောက်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။               

Most Read

Most Recent