လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၇ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ဖြစ်ပေါ်

လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၇ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ဖြစ်ပေါ်
Published 6 December 2015

လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၇ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေ ၂ ဒသမ ၆ ဘီလျံကျော် ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၇၂၁၇ သန်းကျော်ရှိပြီး သွင်းကုန် တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ၉၈၅၄ သန်းကျော် ရှိကြောင်း သိရသည်။သို့ဖြစ်၍ ပို့ကုန်တင်ပို့မှုမှ ရငွေပမာဏထက် သွင်းကုန် တင်သွင်းမှုအတွက် အသုံးပြုငွေမှာ ဒေါ်လာ ၂၆၃၆ သန်းကျော် (ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်) ရှိပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။လက်ရှိ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏဖြင့်  နှိုင်းယှဉ်ပါကလည်း ကုန်သွယ်မှု လျော့ကျနေပြီး အဓိကအားဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု လျော့ကျနေခြင်း ဖြစ်ကြောင်း သိရသည်။ကုန်စည် အမျိုးအစားအလိုက် ကုန်သွယ်မှု ပြုလုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုအတွက် ဒေါ်လာ ၅၁၃၃ သန်းကျော်၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုအတွက် ဒေါ်လာ ၂၈၄၇သန်းကျော်နှင့် လူသုံးကုန်ပစ္စည်း တင်သွင်းမှုအတွက် ဒေါ်လာ ၁၈၇၃ သန်းကျော် အသုံးပြု ထားကြောင်း သိရသည်။ပို့ကုန် တင်ပို့မှု ပြုလုပ်ရာတွင်လည်း လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁၅၀၂ သန်းကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာလေးသန်းကျော်၊ ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၂၅၆ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ ဒေါ်လာ ၈၂၀ သန်းကျော်၊ သစ်တောထွက် တင်ပို့မှုမှ ဒေါ်လာ ၁၁၉ သန်းကျော်၊ စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၄၂၅၅ သန်းကျော်နှင့် အခြားကုန်စည်မျိုးစုံ တင်ပို့မှုမှ ဒေါ်လာ ၂၅၈ သန်းကျော် ရှိကြောင်း သိရသည်။ယခင်နှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၇၄၄၃ သန်းကျော်ရှိပြီး လက်ရှိ ဘဏ္ဍာနှစ် ကုန်သွယ်မှုမှာ ဒေါ်လာ ၁၇၀၇၂ သန်း ဖြစ်သည့်အတွက် ယခင်နှစ်ထက် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၇၁ သန်းကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။မြန်မာနိုင်ငံသည် နိုင်ငံခြား ကုန်သွယ်မှု ပြုလုပ်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ ကုန်သွယ်မှု ပြုနေခြင်းဖြစ်ပြီး တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ကမောဒီးယားနှင့် ဥရောပ နိုင်ငံများ စသည်တို့နှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်း ဖြစ်သည်။

Most Read

Most Recent