ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ယနေ့မှ၍ ခုနစ်ရက်ကြာ ပြုလုပ်မည်

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ယနေ့မှ၍ ခုနစ်ရက်ကြာ ပြုလုပ်မည်
Published 6 December 2015

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း အသားကျောက်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၅ ခုနှစ် ယနေ့မှစ၍ ခုနစ်ရက်ကြာ (ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ) ပြုလုပ်မည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။ကျောက်မျက် ရတနာ ရောင်းချပွဲသို့ ခွင့်ပြုမိန့် ရယူ၍ ကျောက်မျက် ရတနာ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင် ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင် ရယူထားသူများနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီ မှတ်ပုံတင်ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်နှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ၊ နည်းပဒေနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့် ပြုမည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသား ရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာ မျိုးစုံပေါများစွာ ထွက်ရှိပြီး ကျောက်စိမ်းများကို လုံးခင်း၊ ဖားကန့် ရတနာမြေတွင် လည်းကောင်း၊ ပတ္တမြားများကို မိုးကုတ် ရတနာမြေနှင့် မိုင်းရှူး ရတနာမြေတွင် လည်းကောင်း၊ နီလာနှင့် အခြားရောင်စုံကျောက်မျက်များကို မိုးကုတ် ရတနာမြေတွင် လည်းကောင်း စီးပွားဖြစ် တူးဖော်ထွက်ရှိပြီး အထက်ဖော်ပြပါ ရတနာမြေ အသီးသီးတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လိုသော နိုင်ငံသား လုပ်ငန်းရှင်များကို လုပ်ကွက် စိစစ်၍ တူးဖော် လုပ်ကိုင်ခွင့် ပြုခြင်း၊ တူးဖော် ရရှိသော ကျောက်မျက် ရတနာများကို နှစ်စဉ် တစ်နှစ်လျှင် သုံးကြိမ် ရတနာပြပွဲများ ပြုလုပ် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။ 

Most Read

Most Recent