ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ဦးသန်းရွှေ၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံးက အတည်ပြုထုတ်ပြန်ခဲ့သည်။“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က (ဒီဇင် ဘာ ၄ ရက်) ၂ နာရီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်မှာ တွေ့တာ။ တွေ့တဲ့အခါမှာ အာဂျင်တာ ဘာမှထွေထွေထူးထူးတော့ မရှိပါဘူး။ ကိုယ်တို့ ဒေါ်အောင်ဆန်းစုကြည်ချထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အနာဂတ်မြန်မာပြည်မှာ ပြည်ထောင်စုဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထွန်းကားရေးအတွက် ရည်ရွယ်ပြီးတော့မှ အဲဒါတွေလည်းပါမှာပေါ့။ အာလာပ သလာပ ပါမှာပေါ့။ အခုက ဦးသိန်းစိန်နဲ့တွေ့ပြီးပြီ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ပြီးပြီ။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့တွေ့ပြီးပြီဆိုရင်တော့ အနာဂတ်အတွက်ကတော့ ဒီ NLD အစိုးရရယ်လို့ဖြစ်လာပြီဆိုရင်တော့ အခြေအနေကောင်းမယ့်သဘောတော့ အရိပ်အယောင် တွေ့ရတာပေါ့” ဦးဝင်းထိန်က ဆိုသည်။ထို့ပြင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် (ဖိုးလပြည့်)၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက် ည ၁၀ နာရီခန့်က ရေးသားထားရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)၏ နေအိမ်၌ နှစ်နာရီခွဲခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခေါင်းဆောင်များ၏ ခွင့်ပြုချက်ဖြင့် သတင်းထုတ်ပြန်ပါသည်ဟု ရေးသားထားသည်။ယင်းသို့ရေးသားထားချက်အရ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့် အာဃာတတရားများ မိမိတွင် လုံးဝမရှိ။ အနာဂတ် မြန်မာနိုင်ငံတော်အောင်မြင်စွာ တည်ထောင်နိုင်ရေးနှင့် တပ်မတော်အပါအဝင် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးလို” ဟု ဖော်ပြထားသည်။ထို့အတူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက “ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်။ သူမအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့်တတ် နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်}}ဟု ပြောကြားကြောင်း ကိုနေရွှေသွေးအောင် က ရေးသားထားသည်။သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကိစ္စကို မသိရှိကြောင်း၊ တပ်မတော်နှင့်လည်း မပတ်သက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။“ဒီကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သူ (ဦးသန်းရွှေ) က တပ်မတော်ကလည်း မဟုတ်တော့ဘူး။ ကျွန်တော်တို့လည်း မသိပါဘူး” ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“မနေ့က (ဒီဇင်ဘာ ၄ ရက်) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့တွေ့တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ကြတယ်။ အဲဒီလိုတွေ့ဖို့ကို သူရဦးရွှေမန်းက ကြားကနေ စေ့စပ်ညှိနှိုင်းရေးလုပ်ပေးနေတာ တော်တော်ကြာပြီ။ ဖိုးလပြည့်နဲ့မတွေ့ခင်ကတည်းကပဲ တွေ့ဖို့ ဥက္ကဋ္ဌကြီး ညှိနှိုင်းပေးနေတာ}} ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ယင်းအပြင် ကိုနေရွှေသွေးအောင်က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် “ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအများစု ချစ်ခင်လေး စားသောခေါင်းဆောင်တစ်ဦးဖြစ်၍ သူ၏ သြဇာအာဏာ သက်ရောက်မှုသည် ပြည်သူလူထုအပေါ် အမြဲပင်လွှမ်းမိုးသက်ရောက်မှုရှိမည်ဖြစ်သကဲ့သို့ အဖိုးသည်လည်းပဲ နှစ်ပေါင်း ၂၀ ခန့် တိုင်းပြည်အုပ်ချုပ်လာသော တပ်မတော်ခေါင်းဆောင်ဖြစ်၍ လက်ရှိအစိုးရခေါင်းဆောင်များသည်လည်း သူ့အပေါ် ဂါရဝတရားနှင့် လေးစားမှုကတော့ အမြဲပင်ရှိနေမည်ဖြစ်ပါသည်။ သူ့အနေဖြင့် ၂၀၁၁ ခုနှစ်ကတည်းက တိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် ငြိမ်းချမ်းသိမ်မွေ့စွာ တွန်းတင်ပို့ဆောင်ပေးခဲ့ပြီဖြစ်သလို အနားယူစဉ်အချိန်ကတည်းကလည်း ယခုအချိန်အထိ နိုင်ငံရေးအုပ်ချုပ်မှုများတွင် လုံးဝပါဝင်ပတ်သက်ခြင်း မရှိသည်ကိုလည်း ကျွန်တော့်အနေဖြင့် အခိုင်အမာပြောနိုင်သကဲ့သို့ နီးစပ်ရာအစိုးရလူကြီးများကိုလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အပြင် သူတိုင်း ပြည်အုပ်ချုပ်စဉ်အချိန်က တပ်မတော်ခေါင်းဆောင်များအပေါ်လူအထင်လွဲစေရန်ထုတ် လွှင့်ခဲ့သော ကောလာဟလသတင်းများသည် လည်း ဟုတ်မှန်ခြင်းမရှိကြောင်း}}ဟု ရေးသား ထားသည်။ဆက်လက်၍ ကိုနေရွှေသွေးအောင်က ပြည်သူလူထုထောက်ခံမှုရသော ခေါင်းဆောင်နှင့် လက်ရှိအစိုးရခေါင်းဆောင်များ၏ ဆရာသမားကဲ့သို့ဖြစ်နေသူတို့၏ တွေ့ဆုံ မှုသည် အမှန်တကယ်ပင် အရေးကြီးကြောင်း လူတိုင်းသိပါသည်။ ကံကောင်းခဲ့လှသော ကျွန်တော့်အနေဖြင့် နှစ်ရက်အတွင်း ထိပ်သီး ခေါင်းဆောင်နှစ်ဦးနှင့်တွေ့ဆုံမှုကို စာဖတ်သူများ ဗဟုသုတရရှိစေနိုင်ရန်အလို့ငှာ အ ကျဉ်းချုံးတင်ပြလိုပါသည်။ ထိုနေ့က ဒီဇင် ဘာလ ၁၉ ရက် (နိုဝင်ဘာ ၁၉ ရက်ကို မှား ရေးထားခြင်းဖြစ်နိုင်)နေ့ ဖြစ်ပါသည်။ ၁၈ ရက်နေ့ညက ကျွန်တော် မနက် ၄ နာရီမှ အိပ် ပျော်ခဲ့ပါသည်။ နောက်တစ်နေ့တွင် တစ်ကမ္ဘာ လုံး၏ ထောက်ခံအားပေးမှုကိုရရှိပြီး ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိထားသည့် ပါတီခေါင်းဆောင်နှင့် တွေ့သည့်အခါ မည်သည့်စကားကို စပြောရမည်လည်းကို အဖန်ဖန်ပြန်လည်စဉ်းစားနေသောကြောင့် ဖြစ်ပါသည်”ဟု ဖော်ပြထားသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စိတ်လှုပ်ရှားနေခဲ့ကာ အိမ်ရှေ့တံခါးဖွင့်ပြီး ရုတ်တရက် သူမကိုတွေ့လိုက်ရသောအခါ ကျွန်တော်တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီး ထူပူသွားပါသည်။ “တွ့ရတာဝမ်းသာပါ တယ်အန်တီခင်ဗျာ... သားဖိုးလပြည့်ပါ” ဟု အန်တီ၏မျက်နှာကို သေချာကြည့်ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ အန်တီကလည်း တွေ့ရတာဝမ်းသာကြောင်း ပြန်ပြောကာ ကျွန်တော့်ကို ထမင်းစားစားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်စေပြီး အခြားလူများမရှိစေဘဲ စကားဝိုင်းစတင်ခဲ့ပါသည်။ ထူပူစိတ်လှုပ်ရှားနေသော ကျွန်တော့်၏ ပထမ ၁၀ မိနစ်ခန့်က စကားများသည် “တွေ့ရတာဝမ်းသာကြောင်း” များဖြင့်သာ ဖန်တရာထပ်နေပြီး ဒါကို ရိပ်မိသော အန်တီကလည်း ကျွန်တော့်ကို ဖိအားလျော့သွားစေရန် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြောဆိုပေးခဲ့ပါသည်။ အန်တီနှင့် တစ်နာရီခွဲခန့်တွေ့ဆုံခဲ့ပြီး ထင်တာထက် အများကြီးအဆင်ပြေခဲ့၍ ကြည်နူးစွာပင် အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့ နေ့လည် တွင် အဖိုးကိုလည်း အန်တီ၏သဘောထားများကို တင်ပြခဲ့ပြီးနောက် လူကြီးက “တိုင်း့ပြည်အတွက် သားရွှေအိုးထမ်းကိန်း ကြုံလေပြီ”ဟု ပြောကြားခဲ့လေရာ ကျွန်တော်လည်း ခေါင်းဆောင်နှစ်ဦး အဆင်ပြေတော့မည်ဟု အလွန်ပင် တွေးတောဝမ်းမြောက်ပြီး ထိုနေရာ တွင်ပင် အဖိုးကို ဦးသုံးကြိမ်ချရှိခိုးကန်တော့ ခဲ့ပါသည်”ဟု ဆက်လက်ဖော်ပြခဲ့သည်။ထို့နောက် ၎င်းက လူကြီးနှစ်ယောက် တွေ့ဆုံမှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်လိုသော်လည်း အခွင့်အရေးမရခဲ့၍ ခေါင်းဆောင်သုံးဦး အမှတ်တရ လက်မှတ်ထိုးထားသော ငွေစက္ကူလေးကို အမှတ်တရဖော်ပြလိုက်ပါသည်။ ထိုငွေစက္ကူလေး၏ ထူးခြားချက်မှာ လက်မှတ်ထိုးထားသော လူကြီးများအားလုံး သည် တိုင်းပြည်ခေါင်းဆောင်နေရာတွင် ရောက်ရှိနေချိန် (သို့) အကြီးအကဲဖြစ်တော့ မည့်အချိန်တွင်သာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။ယင်း ငါးထောင်ကျပ်တန်ငွေစက္ကူမှာ ၎င်းအနေဖြင့် ၂၀၀၉ ခုနှစ်တွင် ၎င်း၏ အဘိုးဖြစ်သူ ဦးသန်းရွှေ၊ ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အသီးသီးတွေ့ဆုံစဉ် အမှတ်တရ လက်မှတ်များကို ရယူစုဆောင်းထားခြင်းဖြစ်ကြောင်း ၊ ရက်စွဲများကိုမူ ၎င်း၏ လက်ရေးဖြင့် ကိုယ်တိုင်ဖြည့်ထားခြင်းဖြစ် ကြောင်း နေရွှေသွေးအောင်က မှတ်ချက်ပြုကာ ရှင်းပြထားသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ဦးသန်းရွှေ၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံးမှ အတည်ပြုထုတ်ပြန်















