သထုံမြို့ မြသပိတ် တောင်ခြေ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ ဦးဘိုးသီးပိဋကတ်တိုက်အတွင်းမှ ပေစာများကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းကာ အင်တာနက်တွင် ဝက်ဘ်ဆိုက်တစ်ခု ဖွင့်လှစ်ထားရှိမည်

သထုံမြို့ မြသပိတ် တောင်ခြေ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ ဦးဘိုးသီးပိဋကတ်တိုက်အတွင်းမှ ပေစာများကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းကာ အင်တာနက်တွင် ဝက်ဘ်ဆိုက်တစ်ခု ဖွင့်လှစ်ထားရှိမည်
Published 5 December 2015
ဘိုဘိုမြင့်

မွန်ပြည်နယ် သထုံမြို့ မြသပိတ်တောင်ခြေ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်အတွင်းရှိ ဦးဘိုးသီးပိဋကတ်တိုက်အတွင်းမှ ပေစာများအား သုဝဏ္ဏဘူမိ ပရိယတ္တိသာသနာ့ဟိတအသင်းမှ ဦးဆောင်ကာ ဒီဂျစ်တယ်စနစ်ဖြင့် စနစ်တကျ ပြုစုသိမ်းဆည်းပြီး အင်တာနက်တွင် ဝက်ဘ်ဆိုက်တစ်ခု ဖွင့်လှစ်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။လွန်ခဲ့သော နှစ်ပေါင်း ၉၀ ခန့်က အငြိမ်းစား ဝန်ထောက်မင်း ဦးဘိုးသီးမှ အဆိုပါ ပိဋကတ်တိုက်အား စတင် တည်ဆောက် လှူဒါန်းခဲ့ကြောင်း၊ ပိဋကတ်တိုက်အတွင်းရှိ ပေစာများသည် နှစ်ပေါင်း ၁၃၀ မှ ၂၅၀ အထိ သက်တမ်းရှိကြောင်း၊ ပါဠိနှင့် မြန်မာစာပေ အထူးပြုလေ့လာနေကြသူများနှင့် နိုင်ငံတကာက သုတေသီများ မကြာခဏ လာရောက်လေ့လာလေ့ရှိကြောင်း၊ ရှေးဟောင်းပေစာများဖြစ်သည့်အတွက် အထုတ်အသွင်းပြုလုပ်သည့် အခါများတွင် ဂရုတစိုက် လုပ်ဆောင်ရကြောင်းနှင့်  ပေစာထုတ်များ အတွင်းမှ ပေစာများကို နှစ်ကာလ ကြာမြင့်စွာ ဆက်လက်တည်တံ့ပြီး သုတေသီများ အလွယ်တကူ လေ့လာနိုင်စေရန်အတွက် ပေစာများအား ဓာတ်ပုံရိုက်ကူး ကာ Soft Copy အနေဖြင့် ပြုစုလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သုဝဏ္ဏဘူမိ ပရိယတ္တိသာသနာ့ဟိတ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးနောင်ဦးက ပြောကြားသည်။၎င်းင်းက“ဦးဘိုးသီးပိဋကတ်တိုက်မှာ ရွှေချထားတဲ့ ကျွန်းဘီဒိုကြီးတွေထဲမှာ မွန်၊ ပါဠိ၊ မြန်မာစာတွေနဲ့ ရေးသားထားတဲ့ ပေစာထုပ်ပေါင်း ၇၈၈ ထုပ်၊ ပုရပိုက် ၂၈ ထုပ်နဲ့ အခြား ပိဋကတ်တော်နဲ့ ကျမ်းစာပေါင်း အမြောက်အမြား ရှိပါတယ်။ အဲဒါတွေကို ဒီဂျစ်တယ်စနစ် ပြောင်းပြီး Soft Copy တွေကို PDF အဖြစ် အလွယ်တကူ လေ့လာနိုင်ဖို့ အင်တာနက်မှာ ဝက်ဘ်ဆိုက်တစ်ခုအနေနဲ့ ဖွင့်လှစ်သွားဖို့ စီစဉ်သွားမှာပါ။ လိုအပ်တဲ့ နည်းပညာအကူ အညီတွေကို သထုံကွန်ပျူ တာတက္ကသိုလ်က ကျောင်းအုပ်ကြီးက ကူညီဆောင်ရွက်ပေးပါ တယ်”ဟု ပြောကြားသည်။“ပေစာထုပ်တွေထဲက ပေစာတွေမှာ  မြန်မာစာပဲဖြစ်ဖြစ်၊ ပါဠိစာပဲဖြစ်ဖြစ် အများအားဖြင့် နမောတဿနဲ့    စထားတာများတယ်။ ပေစာတစ်ရွက်မှာ ဝမ်းဘက်အပိုင်းနဲ့ ကျောဘက်အပိုင်းဆိုတာ ရှိတယ်။ နံပါတ်စဉ်တွေကို ကျောဘက်ပိုင်းမှာပဲ တတ်ထားတယ်။ ပေစာတွေမှာက ရေးတဲ့သူအမည်၊ အကြောင်းအရာ၊ ဘယ်အချိန်မှာ စရေးတယ်၊ ဘယ်နေရာမှာ ရေးတယ်၊ ဘယ်အချိန်မှာ ရေးပြီးသွားတယ် ဆိုတာတွေပါတယ်။ တချို့ပေစာတွေ မှာ လှူဒါန်းတဲ့သူတွေရဲ့ နာမည်တွေပါတယ်။ ပေစာတစ်ထုပ်ကို ကြည့်လိုက်တာနဲ့ Data တွေ အကုန်လုံးပါတယ်။ ဒီမှာရှိတဲ့ပေထုပ်တွေမှာ ပေရွက် ၄၀၀ ကျော်အထိ ပါတဲ့ပေ ထုပ်တွေတောင် ရှိပါတယ်” ဟု ဦးစိုးနောင်ဦး က ရှင်းပြသည်။အဆိုပါပေစာများအား လာရောက်လေ့လာနေသည့် Pali Text Society (UK)rS Publications Administrator ဖြစ်သူ William Pruitt က “ဒီ ဦးဘိုးသီးပိဋကတ်တိုက်ဟာ သထုံက ဒေသခံပြည်သူတွေအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီလို စာကြည့်တိုက်မျိုး မတွေ့ဖူးသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူတစ်ယောက်တည်းက ဒီလို ရှားပါးကောင်းမွန်လှတဲ့ ပါဠိစာပေတွေ အများကြီး စုဆောင်းပြီး ဒီနေ့အထိ ပါဠိစာပေ လေ့လာတဲ့သူတွေအတွက် ဆောင်ရွက်ပေး နိုင်ခဲ့တာတွေ့ရတယ်။ ဒီမှာ တော်တော်လေး ပြည့်ပြည့်စုံစုံကို ရှိပါတယ်။ ပါဠိစာပေ လေ့လာနေကြတဲ့ နိုင်ငံတကာက ကျောင်းသားတွေ လှမ်းမေးကြလို့ဒီမှာရှိတဲ့ စာတွေ လှမ်းပို့ပေးခဲ့တာတွေတောင် ရှိပါတယ်။ သူတို့အတွက် ကြီးမားတဲ့အထောက်အကူ ဖြစ်တဲ့အတွက် တော်တော်လေး စိတ်ဝင်စားကြတယ်။ မျိုးဆက်သစ်တွေအနေနဲ့ဆက်လက် ထိန်းသိမ်းသွားကြဖို့ အကြံပြုချင်ပါတယ်” ဟု ဆိုသည်။သုဝဏ္ဏဘူမိပရိယတ္တိ သာသနာ့ဟိတအသင်းကြီးမှ နှစ်စဉ်ကျင်းပသည့် ပရိယတ္တိ စာမေးပွဲမှ စာဖြေသံဃာတော်များ ဖတ်မှတ်နိုင်ရန် ထိုစဉ်ကအသင်းဥက္ကဋ္ဌဖြစ်သူ အငြိမ်းစား ဝန်ထောက်မင်း ဦးဘိုးသီးက ၎င်းစုဆောင်းထားသည့် ပေ၊ ပုရပိုက်နှင့် ပိဋကတ်တော်များဖြင့် လွန်ခဲ့သော နှစ် ၉၀ ခန့် က သာဓုဇနပါသာ ဒိကမဟာ ဓမ္မစေတီတော်တိုက်အမည်ဖြင့် ပိဋကတ်စာကြည့်တိုက်ကို ဆောက်လုပ် လှူ ဒါန်းခဲ့ခြင်းပြီး ယခုအချိန်အထိ ပေ၊ ပုရပိုက်နှင့် ကျမ်းစာများကို သံဃာတော်များနှင့် သုတေသီများ လေ့လာနိုင်ရန်နှင့် ပိုးမစား၊ ခြမစားဘဲ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိစေရန်အတွက် အသင်းကြီးမှ တာဝန်ယူ ထိန်းသိမ်းထားကြောင်း အသင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 

Most Read

Most Recent