ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ ပြင်ပပေါက်ဈေးထက် တစ်ဒေါ်လာ ခြောက်ကျပ် ပိုများနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၁ ကျပ်ဝန်းကျင်ရှိ

ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ ပြင်ပပေါက်ဈေးထက် တစ်ဒေါ်လာ ခြောက်ကျပ် ပိုများနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၁ ကျပ်ဝန်းကျင်ရှိ
Published 4 December 2015
အောင်မြတ်ကို

ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ ပြင်ပပေါက်ဈေးထက် တစ်ဒေါ်လာ ခြောက်ကျပ် ပိုများနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၁ ကျပ်ဝန်းကျင် ရှိကြောင်း နိုင်ငံခြား ငွေကြေး လဲလှယ်ရောင်းဝယ်ရေး ဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရသည်။ဒီဇင်ဘာ ပထမပတ် ဗဟိုဘဏ်၏ သတ်မှတ် တစ်ဒေါ်လာလဲနှုန်း ၁၂၉၇ ကျပ် ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ် ဝန်းကျင်သို့ ကျဆင်းနေသည်။ဒီဇင်ဘာ ၃ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ လဲနှုန်းမှာ ရောင်းဈေး ကျပ် ၁၂၉၁ ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပ ဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၁၅ ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၇၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၆၄ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ပြင်ပ ဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် နိုဝင်ဘာ နောက်ဆုံးပတ် ၂၇ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁၃၀၃ ကျပ် ဝန်းကျင်သို့ ဆင်းသွားပြီး နိုဝင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ် ဝန်းကျင်သို့ လည်းကောင်း ဒီဇင်ဘာ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်သို့ ကျဆင်းလာခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ် ဝန်းကျင်သို့ ခြောက်ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းလာခဲ့သည်။ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းသည် နိုဝင်ဘာ နောက်ဆုံးပတ်၂၄ ရက်မှ  ဒီဇင်ဘာ ၁ ရက်အထိ တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၀ တွင် တည်ငြိမ်လျက်ရှိပြီး ဒီဇင်ဘာ ပထမပတ် ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်၊ ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်သို့ ကျဆင်းနေကြောင်း သိရသည်။ဒီဇင်ဘာ ၃ ရက်တွင် နိုင်ငံခြား ငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၈ သန်းကို ဝယ်ယူခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၈ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၇ ကျပ် ဝန်းကျင် ရှိခဲ့သည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။             

Most Read

Most Recent