ရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိသဖြင့် ဆန်အပါအဝင် လယ်ယာထွက်ကုန် သီးနှံများ၊ အခြားပို့ကုန်များ၏ ကုန်သွယ်မှု ပမာဏ လျော့နည်းနေ

ရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိသဖြင့် ဆန်အပါအဝင် လယ်ယာထွက်ကုန် သီးနှံများ၊ အခြားပို့ကုန်များ၏ ကုန်သွယ်မှု ပမာဏ လျော့နည်းနေ
Published 3 December 2015
နီလာ

ပြီးခဲ့သည့် မိုးရာသီ ကာလအတွင်း ရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆန်အပါအဝင် လယ်ယာထွက် သီးနှံများ၊ အခြားပို့ကုန်များ၏ ကုန်သွယ်မှု ပမာဏ လျော့နည်းသွားခဲ့ရကြောင်း နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ ကုန်စည်ထုတ်လုပ်မှု၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ (၄/၂၀၁၅) ကြိမ်မြောက် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ပြည်တွင်း၌ စပါး၊ ဆန်ဈေးနှုန်းများ အထိုက်အလျောက် မြင့်တက်မှု ရှိနေသော်လည်း မကြာမီ ကာလအတွင်း စပါးများ လှိုင်လှိုင် ထွက်ပေါ်လာမည်ဖြစ်၍ ဈေးနှုန်းများ တည်ငြိမ်သွားနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက စားသုံးသီးနှံဖြစ်သည့် စပါး၊ ဆန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ပြည်ပတင်ပို့နိုင်မည့် အလားအလာများကို စိစစ်တွက်ချက် တင်ပြပေးကြရန်နှင့် ဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများကိုလည်း သုံးသပ်စိစစ်ပေးကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ယခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အများစုတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ လယ်ဧက ၁ ဒသမ ၅ သန်းကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်အတွင်း ဆန်စပါး အထွက်နှုန်း လျော့ကျမည်ဖြစ်ပြီး ဆန်ပြည်ပတင်ပို့မှုလည်း လျော့နည်းနိုင်ကြောင်း ပညာရှင်များက ကြိုတင်ခန့်မှန်းထားသည်။ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်တွင်းဆန်ဖူလုံစေရေးအတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို စက်တင်ဘာ ၁၅ ရက်မှ စတင်ပြီး ၄၅ ရက်ကြာ ရပ်ဆိုင်းထားခဲ့သည်။ ထို့နောက်မှ ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်လည် ခွင့်ပြုပေးခဲ့ပြီး အရန်ဆန် ထားရှိရေးအတွက်လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆောင်ရွက်ခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၈၀၀၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၂၈၁ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုထက် တန်ချိန် ၇၄၀၀၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၅၆၀၄၆၀ တန် တင်ပို့မှုမှ ဒေါ်လာ ၂၀၆ သန်း ရရှိထားကြောင်း၊ ယခင်နှစ် ကာလတူ တင်ပို့မှုမှာမူ ဆန်တန်ချိန် ၇၂၇၈၉၀ တန်တင်ပို့မှုမှ ဒေါ်လာ ၂၇၅ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။        

Most Read

Most Recent