ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ် တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက် အတွင်းရေးမှူးကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းထွန်းအား အောက်တိုဘာ ၁၇ ရက်တွင် ကန်ကြီးထောင့် မြို့ခံလူငယ်များ အနေဖြင့် ဦးစည်သူအောင်က ဦးဆောင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီး စစ်ဆေးခဲ့ကာ နိုဝင်ဘာ ၂ ရက်အထိ တရားရုံးတွင် ရမန်ယူခဲ့ကြောင်း၊ တရားရုံးတွင် ချုပ်ရက် ရမန်ယူခဲ့သော်လည်း ဦးသန်းထွန်းကို ဝမ်းဗိုက် ဝေဒနာကြောင့် ရဲအချုပ်တွင် မထားဘဲ ရဲအစောင့်ဖြင့် ကန်ကြီးထောင့် ဆေးရုံနှင့် ပုသိမ်ဆေးရုံတို့တွင် အလှည့်ကျ ဆေးကုသမှု ခံယူစေခဲ့ပြီးနောက် ထိုကာလအတွင်း စစ်ဆေး တွေ့ရှိချက်များကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် တင်ပြခဲ့သော်လည်း မှတ်ချက် တစ်စုံတရာ မပေးသဖြင့် အာမခံဖြင့် လွှတ်ပေးခဲ့သော်လည်း ဆက်သွယ်ရေး ဝန်ကြီး၏ မှတ်ချက် ရရှိသောကြောင့် နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။“ဒီနေ့ ပထမဆုံး ရုံးထုတ်တာ ဖြစ်တဲ့အတွက် အမှုတွဲကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ တရားလိုပြု တိုင်တန်းချက်မှာပါတဲ့ ဦးသန်းထွန်းရဲ့ အကောင့် Thu Thu နေရာမှာ Zin Lay ဆိုတဲ့ အကောင့် သုံးတယ်လို့ တွေ့ရတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့အတွက် ဒီအပိုင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အကူအညီ ယူမယ်။ Facebook တည်ထောင်တဲ့ အဖွဲ့အစည်းကနေ အကူအညီတောင်းပြီး အမှန်တရားကို ရှာဖွေသွားမှာပါ” ဟု တရားလို၏ အကျိုးဆောင် ရှေ့နေ ဒေါ်မြင့်သိန်းက ပြောကြားသည်။“ကျွန်တော် ရှေ့နေကြီး ပြောပြလို Thu Thu အကောင့်နေရာမှာ Zin Lay ဆိုတဲ့ အကောင့်ဖြစ်နေတယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမှုမဖွင့်ခင် ဒီအတိုင်း အပြင်မှာ တောင်းပန်ဖို့ ညှိနှိုင်းမှုတွေလုပ်တုန်း ဒီ Thu Thu အကောင့်ဟာ သူသုံးတာပါလို့ ဝန်ခံခဲ့တာ ရှိပါတယ်။ အဲဒီအချိန်တုန်းက မြို့နယ် အုပ်ချုပ်ရေးမှူးရယ် ရဲမှူးရယ် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွေလည်း ရှိပါတယ်” ဟု တရားလို ပြုတိုင်တန်းသည့် ဦးစည်သူအောင်က ပြောကြားသည်။အဆိုပါ အမှုကိစ္စနှင့် စပ်လျဉ်း၍ စွပ်စွဲခံရသူ ဦးသန်းထွန်း၏ အကျိုးဆောင် ရှေ့နေဖြစ်သူ ဦးပြုံးချိုအား မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။ အဆိုပါ အမှုအား ဒီဇင်ဘာ ၁၄ ရက်သို့ ပြန်လည် ချိန်းဆိုကာ တရားလိုအား စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက် အတွင်းရေးမှူးကို ပထမဆုံးအကြိမ် ရုံးထုတ်