NLD နှင့်တွေ့ဆုံပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များကို UNA ခေါင်းဆောင်များက အဓိက ဆွေးနွေးမည်

NLD နှင့်တွေ့ဆုံပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များကို UNA ခေါင်းဆောင်များက အဓိက ဆွေးနွေးမည်
Published 29 November 2015
ဇာလီမြင့်ဦး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တွေ့ဆုံဖြစ်ပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးရန်ရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင် တစ်ဦးဖြစ်သူ ရခိုင် အမျိုးသားပါတီမှ ဦးအေးသာအောင်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ယခုလလယ်ပိုင်းတွင် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားကြောင်း ဦးအေးသာအောင်က ပြောကြားသည်။“ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ အနေနဲ့ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီးတော့ အစိုးရကို ဖွဲ့သွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် NLD အနေနဲ့ကလည်း ရွေးကောက်ပွဲ အနိုင်ရထားတဲ့ UNA နဲ့လည်းပဲ ဆွေးနွေးဖို့ ဖုန်းနဲ့ ကမ်းလှမ်းထားတာလည်း ရှိပါတယ်။ ဘယ်အချိန် ဆွေးနွေးမယ် ဆိုတာကတော့ တိတိကျကျ မပြောသေးဘူး။ ဒီနေရာမှာ အခုလို ကမ်းလှမ်းတဲ့ အတွက်ကြောင့် ကျွန်တော်တို့ လိုလိုလားလား ရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖြေရှင်းရမယ့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေ များစွာရှိတယ်။ အဲဒီထဲက အဓိကကျတဲ့ ပြဿနာက တိုင်းရင်းသား အရေးပဲ ဖြစ်တယ်။ တိုင်းရင်းသား အရေးလို့ ပြောလိုက်တာနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့အရေး အားလုံးပါပါတယ်။ အခု UNA နဲ့ ဆွေးနွေးဖို့ ကိစ္စမှာလည်းပဲ ဘာပဲဖြစ်ဖြစ် အပစ်အခတ် ရပ်စဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အပါအဝင် ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ကိစ္စများပါ အဓိက ဆွေးနွေးနိုင်မယ်လို့ ပြောချင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။လက်ရှိတွင်မူ NLD နှင့် UNA ခေါင်းဆောင်များ တွေ့ဆုံမည့် ရက်ကို တိတိကျကျ သတ်မှတ်ရခြင်း မရှိသေးကြောင်းလည်း သိရသည်။ UNA အဖွဲ့တွင် တိုင်းရင်းသား နိုင်ငံရေး ပါတီ ရှစ်ခု ပါဝင်ရာ ရွေးကောက်ပွဲ၌ လေးပါတီက အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက နေရာ ၄၀၊ ရခိုင် အမျိုးသား ပါတီက နေရာ ၄၄ နေရာ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ခြောက်နေရာနှင့် မွန်အမျိုးသား ပါတီက သုံးနေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။“အဲဒီတော့ အခုလက်ရှိ အစိုးရ အနေနဲ့ အပစ်အခတ် ရပ်စဲဖို့၊ NCA လက်မှတ်ထိုးဖို့ ကြိုးပမ်းခဲ့တယ်။ လက်တွေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နဲ့ လက်မှတ် ထိုးထားတယ်။ ၁၃ ဖွဲ့နဲ့ မထိုးရသေးဘူး။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကိုတော့ ဆက်လက်ပြီး ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ NLD က အစိုးရ ဖြစ်လာတဲ့အခါမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ။ ဘယ်လို ပုံစံနဲ့ အကောင်အထည် ဖော်မလဲဆိုတာတွေ အရေးကြီးလာတယ်။ အဲဒီတော့ ဒီတိုင်းရင်းသားအရေး ပြည်တွင်းစစ်ရပ်ဖို့၊ အပစ်အခတ် ရပ်စဲဖို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကိစ္စများကို ဖော်ဆောင်တဲ့ အခါမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဆွေးနွေးဖို့ လိုပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတ ပြီးတော့ လွှတ်တော် နာယကနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒီလို ကမ်းလှမ်းတဲ့ အခါမှာ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ တွေ့ဆုံရုံသက်သက်၊ ဆွေးနွေးရုံသက်သက် မဟုတ်ဘဲ တကယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်တဲ့ ဦးတည်တဲ့ ဆွေးနွေးပွဲမျိုး ဖြစ်သင့်တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဘယ်ပုံဘယ်နည်း ဆောင်ရွက်မလဲ၊ ဆောင်ရွက်တဲ့ အခါမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်သင့်သလဲ ဆိုတာတွေကို အကြံပြုချင်တယ်” ဟုလည်း ဦးအေးသာအောင်က ဆက်လက် ပြောကြားသည်။အစိုးရသစ်တွင် ဖွဲ့စည်းမည့် လွှတ်တော်နှင့် နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍လည်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့အတွက် အားကောင်းလာပြီး ပိုမိုပူးပေါင်း ဆောင်ရွက်လာမယ့် အနေအထားလည်း ရှိလာနိုင်မည်ဟု ဦးအေးသာအောင်က သုံးသပ် ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသား အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ထွက်ရှိခဲ့သည့် NLD ၏ ရွေးကောက်ပွဲ ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent