NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အလိုက် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်ကောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အလိုက် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်ကောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
Published 29 November 2015
ငြိမ်းကို

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အလိုက် ပတ်ဝန်းကျင်သန့်ရှင်းရေးအဖြစ် အမှိုက်ကောက်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုမှ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ရာတွင် ထိုသို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ အမှိုက်ကောက်ခြင်းလုပ်ငန်းအား ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိထားသည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား အနိုင်ရရှိထားသည့် ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
 
“ကိုယ်စားလှယ်တွေ အကုန်ပါဝင်ပြီးတော့မှ ကျွန်မတို့ အမှိုက်ကောက်ရမယ်။ ကိုယ့်တစ်မြို့နယ်လုံး သန့်ရှင်းသွားအောင် ဘာဖြစ်လို့ ဒီလိုအမှိုက်ကောက်ခိုင်းလဲဆိုရင် ပြည်သူလူထုလုပ်တဲ့ အလုပ်မျိုးကို ကိုယ်စားလှယ်ကလည်း လုပ်နိုင်ရမယ်။ ပြည်သူလူထု လုပ်တဲ့အလုပ် ကိုယ်စားလှယ် ဦးဆောင်ပြီးတော့မှ အမှိုက်တွေကောက်ရမယ်။ အဲဒါကိုလည်း ညွှန်ကြားချက်နဲ့ လာမယ်လို့ ပြောပါတယ်။ ဒါတစ်မြို့နယ်လုံး။ ပြီးလို့ရှိရင် ကိုယ့်မြို့ နယ်အလိုက် ကိုယ့်မြို့နယ်ရဲ့ တာဝန်ကို အလေးထားပြီး ဆောင်ရွက်ရမယ်လို့ပြောပါတယ်။ နောက် ကိုယ်မလုပ်နိုင်တာကို ပြည်သူလုပ်နိုင်ရမယ်လို့ တွေးလို့မရဘဲနဲ့ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို ပြည်သူလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူကို လုပ်စေချင်လို့ရှိရင် ကိုယ်ကိုယ်တိုင်လည်း ဦးဆောင်ပြီး လုပ်ပြရမယ်ဆိုတာမျိုး အန်တီစုက ပြောပါတယ်”ဟု ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။
 
ထိုသို့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ရာတွင် အိပ်ရာထဲလဲနေသည့် ကိုယ်စားလှယ်ရှိခဲ့ပါက ၎င်းကိုယ်စားလှယ်မှလွဲ၍ ကျန်ကိုယ်စားလှယ်အားလုံး ပါဝင်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း  ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား အနိုင်ရရှိထားသည့် ဒေါ်မိကွန်ချမ်း က ပြောကြားသည်။
 
“မြို့နယ်အလိုက် ပြည်နယ်အလိုက် အကုန်လုံးက အမှိုက်တွေကို ကောက်ရမှာပေါ့။ ကောက်ရမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒါကိုသူ့ရဲ့လုပ်ပုံလုပ်နည်းတွေကို ချပြမယ်။ ချပြမယ်ဆိုတော့ နောက် နှစ်ပတ် သုံးပတ်အတွင်းမှာ လုပ်ရမယ်ပေါ့။  အဲဒီမှာ ဘယ်နှရက် လုပ်ရမလဲတော့ မသိဘူး။ ကိုယ့်မြို့နယ်အတွင်းမှာဆိုရင် ကိုယ်စားလှယ် လေးယောက်လုံးက အတူတကွ လုပ်ရမယ်။ သန့်ရှင်းရေးပေါ့။ အမှိုက်တွေတို့ ပတ်ဝန်း ကျင် သန့်ရှင်းရေးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ရမယ်။ အဲဒါမလုပ်လို့မရဘူး။ ခွင့်ယူလို့လည်း မရဘူး။ အိပ်ရာထဲလဲတဲ့သူကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုပ်ရမယ်လို့ ပြောတယ်”ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား အနိုင်ရရှိထားသည့် ဒေါ်မိကွန်ချမ်းက ပြောကြားသည်။
 
လက်ရှိတွင် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဦးဆောင်ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပါတီဝင် မဟုတ်သော လူငယ်များဖြင့် အမှိုက်ကောက်သည့် လှုပ်ရှားမှုအား ကျောက်တန်းမြို့နယ်တွင် စတင်ပြုလုပ်ခဲ့သည်။
 
“ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကတည်းကစဖို့ ဘယ်လိုမှ မအားလို့ ရွေးကောက်ပွဲပြီးတော့ အမှိုက်ကောက်ခြင်းလုပ်ငန်းကို စလိုက်တာ။ အရင်က ညွှန်ကြားချက်မရှိတဲ့အပြင် ကျွန်မကို တချို့က ပြောကြတယ်။ အမှိုက်ကောက်တာ ကိုယ်စားလှယ်အလုပ်မဟုတ်ဘူး။ ဒီထက်တာဝန်ကြီးတာတွေ လုပ်ရမှာ။ ဘာဖြစ်လို့ ကျွန်မက ဒါတွေလိုက်လုပ်နေတာလဲဆိုတာမျိုးတောင် ကိုယ့်အချင်းချင်းကြားမှာ ဒါတွေရှိတယ်။ ပြီးတော့ ပါတီက ဘာမှမလုပ်ဖို့  ညွှန်ကြားတဲ့အချိန်မှာ မလုပ်ပါနဲ့ပေါ့။ ကျွန်မကတော့ အဲဒီလို မမြင်ပါဘူး။ ကျွန်မတို့က ပြောင်းစရာရှိတာတွေ အကုန်လုံးကို ရှေ့ကနေစပြီးတော့ ပြောင်းပေးနိုင်ရမယ်ပေါ့နော်။ အမှိုက်ကောက်တာကလည်း ကျွန်မတို့နိုင်ငံအတွက်ကို အမှိုက်ပစ်တာကော၊ အမှိုက်ကောက်တာကော အရေးကြီးတဲ့ ကိစ္စတစ်ရပ်လို့ ယူဆတယ်။ စည်းကမ်းတကျနဲ့ နေတဲ့အကျင့်ရသွားဖို့ အတွက် အားလုံးပူးပေါင်းပါဝင်ပြီးတော့ ဒီလိုအခြေအနေဖြစ်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ ယူဆလို့ ကျွန်မ စလုပ်ဖြစ်တာပါ။ အခုအားလုံးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ်ဆိုတော့ အပြောင်းအလဲကို ဒီလို မျိုးနိုင်တဲ့နေရာကနေပြီးတော့ အမှိုက်ပစ်တဲ့ကိစ္စမှ မဟုတ်ဘဲ အားလုံးကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက်ကို ပိုပြီးတော့ အားရှိတာပေါ့။ အဖွဲ့ကလည်း ညွှန်ကြားလိုက်ပြီဆိုတော့ ကျွန်မ ပိုအားရှိတာပေါ့¨ဟု ဒေါ်အေးမြမြမျိုး က ပြောကြားသည်။     

Most Read

Most Recent