ဖားကန့်ဒေသတွင်း မြေစာပုံပြိုကျမှု နောက်ထပ်အဖြစ်ဆိုး မကြုံစေရန် ယခုကျင်းပနေသော ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောကြားသည်။ဦးခက်ထိန်နန်က “လာမယ် တနင်္လာနေ့ မှာ အရေးကြီးအဆိုတင်ဖို့ စာရေးပြီးသွားပြီ။ လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်ကို တင်လို့ ခွင့်ပြုချက်ရတာနဲ့ တင်မှာပါ။ မြေစာပိပြီး လူရာကျော် သေတယ်ဆိုတာ ကြေကွယ်စရာ ကောင်းပါတယ်။ ဆုံးရှုံးမှုကြီးပါ။ ဒီဒေသကလည်း ကျောက်စိမ်းလုပ်ငန်းကလည်း နိုင်ငံတော်ကို နှစ်ပေါင်းများစွာ ငွေရှာပေးခဲ့တာပါ။ အခုလည်းပဲ မြေစာတောင်တွေ အများကြီးရှိနေတယ်။ ရေမဆေးရှာတဲ့ နေအိမ်၊ တဲအိမ်တွေလည်း အန္တရာယ်ရှိတဲ့ နေရာမှာ ထောင်နှင့် သောင်းနဲ့ ချီပြီးကို ရှိနေသေးတယ်။ အားလုံးဝိုင်းဝန်းပြီး မဆောင်ရွက်ကြသေးဘူးဆိုရင် တစ်ယောက်သေမလား၊ ဆယ်ယောက်သေမလား အများကြီးသေမလားဆိုတဲ့ အဖြစ်မျိုးက ဆက်တိုက် ဖြစ်နေဦးမှာပဲ။ အဲဒါကြောင့် အဲဒီအဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်အောင် ဆောင်ရွက်ကြဖို့ အရေးကြီးအဆို တင်တာပါ။ လက်ရှိအခြေအနေကို သုံးသပ်ပြီး တင်ပြတာပါ။ အရင်ကတည်းက တစ်ယောက်ကနေ ဆယ်ယောက် စတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ အခု ရာဂဏန်းဖြစ်လာတော့ တစ်နိုင်ငံလုံးက စိုးရိမ်ကုန်ပြီ။ တတ်နိုင်သမျှ စီမံချက်နှင့် ကြိုတင်ကာကွယ် ထိန်းသိမ်းတာ မလုပ်ဖူးဆိုရင်တော့ နေတိုင်းညတိုင်း တူတဲ့မြေစာတွေ၊ ရေမဆေးကောက်တဲ့ သိန်းဂဏန်းရှိတဲ့လူတွေ၊ သူတို့နေထိုင်တဲ့ တဲအိမ်တွေ ရှိသေးတယ်ဆိုရင် နောက်ထပ် ထပ်ဖြစ်ဦးမှာပဲ။ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းက ရပ်လိုက်မှာ မဟုတ်တော့ တူးနေသေးရင် ဒီလိုအန္တရာယ်ကတော့ ဆက်ကြုံကြုံ အုံးမှာပဲ။ ရေရှည် ဆောင်ရွက်ချက်ကတော့ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပညာရှင်တွေ စုပေါင်းပြီး အဖြေရှာရမှာပါ။ လတ်တလော ကာကွယ်တဲ့နည်းကို ရေရှည်စီမံချက်နှင့် ပြန်လုပ်ရင်တော့ အကောင်းဆုံး ဖြစ်မလားပေါ့။ အခုလိုဖြစ်လာတာက ဖားကန့်ဒေသမှာ သဘာ၀ ပတ်ဝန်းကျင်းကို လျစ်လျူရှုခဲ့တာ နှစ်သုံးဆယ် ကျော်ခဲ့ပါပြီ။ ဆက်ပြီးမထိန်းနိုင်ရင် ဘက်ပေါင်းစုံ ဆိုးကျိုးတွေ ရှိနေအုံးမှာပဲ။ အန္တရာယ်များလေ ဖြစ်မှာပဲ။ ဒီမိုကရေစီခေတ်မှာတော့ မရှိသင့်တော့ဘူး။ အားလုံး မလုပ်နိုင်ရင်တောင် အကောင်းဆုံးလုပ်နိုင်မယ်လိုတော့ မျှော်လင့်ပါတယ်။ နှစ်ပေါင်းများစွာ အလွန်အကျွံ တူတာတွေ၊ သဘာပတ်ဝန်းကျင်ကို လျစ်လျူရှုခဲ့တာတွေ ဒါတွေဖြစ်ပေါ်လာတဲ့ အကြောင်းပါပဲ” ဟုThe Daily Eleven သတင်းစာသို့ ပြောကြားသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် မနက် အစောပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုနှင့် ဆိမ်မှုအုပ်စုကြားရှိ ဆန်ခတ်ကူးကျေးရွာ အပိုင်းရှိ စွန်ပစ်မြေစာပုံ ပြိုကျရာ တဲခုနှစ်ဆယ်ခန့် မြေအောက်ရောက်ရှိခဲ့ပြီး လူနှစ်ရာ ဝန်းကျင်း ပျောက်ဆုံးခဲ့မည်ဟု ဒေသခံများက ခန့်မှန်းနေကြသော်လည်း ၁၁၄ ဦး တူးဖော်ပြီးနောက်ပိုင်း ရှာဖွေမှုကို နိုဝင်ဘာ ၂၅ ရက်တွင် ရပ်ဆိုင်းခဲ့သည်။ ဖားကန့် ဒေသတွင် လစဉ်နီးပါး မြေပြိုမှုကြောင့် သေ ဆုံးမှုများရှိခဲ့ပြီး ယခုဖြစ်စဉ်မှာ ၃၆ ကြိမ် မြောက် မြေပြိုလူသေသည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် နောက်ထပ် မြေစာပုံ ပြိုကျမှုအဖြစ်ဆိုး မကြုံစေရန် ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် အရေးကြီးအဆို တင်သွင်းမည်















