တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ စာချုပ်ဖြင့် မွေးစားခံထားရသူဖြစ်ပြီး နောက်ထပ် တရားထပ်စွဲရန်မှာ စစ်ဆေးပေါ်ပေါက်မှုအပေါ် မူတည်ကြောင်း ဗဟန်းမြို့နယ် ရဲမှူး ပြောကြား

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ စာချုပ်ဖြင့် မွေးစားခံထားရသူဖြစ်ပြီး နောက်ထပ် တရားထပ်စွဲရန်မှာ စစ်ဆေးပေါ်ပေါက်မှုအပေါ် မူတည်ကြောင်း ဗဟန်းမြို့နယ် ရဲမှူး ပြောကြား
Published 26 November 2015
ကြည်နိုင်

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ စာချုပ်ဖြင့် မွေးစားခံထားရသူဖြစ်ပြီး နောက်ထပ် တရားထပ်စွဲရန်မှာ အမှုစစ်ဆေးပေါ်ပေါက်မှုအပေါ် မူတည်ကြောင်း ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။မစုဝေထံတွင် ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခြင်း၊ ကြိုးဖြင့်တုပ်ခြင်း၊ နေပူထဲ၌ ထားရှိခြင်းများကြောင့် ၎င်း၏မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင်နှင့် ဝဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။အသက်ရှစ်နှစ်အရွယ် မစုဝေကို ၎င်း၏မိဘထံမှ ဗိုလ်မှူးကျော်နုမော်တို့ မိသားစုက လွန်ခဲ့သော နှစ်လခန့်က အမွေစားအမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ကြောင်း Facebook တွင် ပျံ့နှံ့နေသည့် စာချုပ်မှာ အမှန်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။“ကလေးကို ဗိုလ်မှူးကျော်နုမော်တို့ မွေးစားထားတာ ဟုတ်ပါတယ်။ စာချုပ်ကလည်း အမှန်ပါ။ အခု မစုဝေကိစ္စကို လူကုန်ကူးတို့၊ အမျိုးသမီးရေးရာတို့ အဖွဲ့တွေပါ စစ်နေကြတယ်။ အိမ်အကူ ဒေါ်သန်းနွဲ့အပြင် နောက်ထပ် ဘယ်သူတွေကို တရားထပ်စွဲဖို့ဆိုတာကတော့ စစ်ဆေးတဲ့အခါ စစ်ဆေးပေါ်ပေါက်ချက် အရပေါ့။ အခုလောလောဆယ်တော့ ဘယ်သူဆိုတာကတော့ အတိအကျပြောလို့ မရသေးဘူး။ နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီလောက်မှာ ကလေးနဲ့ မိခင်ကို ဗဟန်းမြို့နယ် ဒေါ်ချိုရပ်ကွက်က အမျိုးသမီး အသက်မွေး ပညာကျောင်းကို ပြောင်းရွှေ့လိုက်ပါတယ်။ ကလေးနှိပ်စက်တဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာကို Facebook ပေါ်စတင်ခဲ့သူ ကိုစည်သူကိုလည်း ဒီနေ့စခန်းမှာ စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။မစုေ၀ နှိပ်စက်ခံရမှု ဖြစ်စဉ်အပေါ် အိမ်ရှင်အမျိုးသမီးက အခင်းဖြစ်သည့်နေ့တွင် ရဲတပ်ဖွဲ့ဝင်များသို့ ဖြေကြားမှုနှင့် ယင်းဖြစ်စဉ်ကို နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ကွဲလွဲမှုများ ရှိနေသည်။အခင်းဖြစ်သည့် နိုဝင်ဘာ ၁၉ ရက်တွင် အိမ်ရှင်အမျိုးသမီး ဒေါ်ယဉ်ယဉ်နွယ်က မစုဝေနှင့် ဒေါ်သန်းနွဲ့တို့သည် တူးဝရီးတော်စပ်ကြောင်း၊ မစုဝေအား တောင်ငူမှ ခေါ်ယူထားခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ မလာမီ နာရီဝက်ခန့် အလိုတွင် နေအိမ်မှ တောင်ငူသို့ သွားမည်ဟုပြောပြီး ထွက်သွားကြောင်း လာရောက်မေးမြန်းသည့် ရဲတပ်ဖွဲ့ဝင်များအား ဖြေကြားသည်။ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police Facebook တွင် ထုတ်ပြန်ထားသော သတင်း၌ “မစုဝေအား ဗိုလ်မှူး မိသားစုမှ လွန်ခဲ့သည့် နှစ်လကျော်ခန့်က စာချုပ်စာတမ်းဖြင့် မွေးစားထားခဲ့ပြီး အဆိုပါနေအိမ်သို့ ခေါ်ဆောင်လာကာ သားသမီးများနှင့်အတူ ကောင်းမွန်စွာ ထားရှိခဲ့ကြောင်း၊ ဒေါ်သန်းနွဲ့နှင့် မစုဝေတို့မှာ ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း၊ ဒေါ်သန်းနွဲ့က မစုဝေအား ခေါ်ဆောင်ပြီး မင်္ဂလာဒုံမြို့နယ်ရှိ ခင်မင်ရင်းနှီးသူထံတွင် သွားရောက် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က မစုဝေသည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးအား ချက်ချ ပိတ်ထားခဲ့ကြောင်း၊ အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ဝင်ရောက်ကာမစုဝေအား ခေါ်ထုတ်ခဲ့ရသဖြင့် ဒေါ်သန်းနွဲ့က ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အား ထိုင်ခုံနှင့် ကြိုးချည်ထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် မစုဝေအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်ရှေ့၌ အဝတ်မပါဘဲ ကြိုးတုပ်၍ ထားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။နိုဝင်ဘာ ၂၂ ရက်တွင် ဗိုလ်မှူးကျော်နုမော်က အိမ်အကူ ဒေါ်သန်းနွဲ့နှင့် မစုဝေတို့ အား ဆက်သွယ်မှု ရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးအား ဗဟန်းမြို့မ ရဲစခန်းသို့ သွားရောက် အပ်နှံခဲ့ကြောင်း၊ လက်ရှိတွင် အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့ရဲစခန်းမှ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။                       

Most Read

Most Recent