ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့ရှိ စစ်ဘေးဒုက္ခသည်များအား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းကာ ဒုက္ခသည် စခန်းများသို့ လိုက်လံအားပေး

ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့ရှိ စစ်ဘေးဒုက္ခသည်များအား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းကာ ဒုက္ခသည် စခန်းများသို့ လိုက်လံအားပေး
Published 23 November 2015
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့ရှိ ကျောင်းပန်နှင့် ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းတို့တွင် ရောက်ရှိနေသော မိုင်းနောင် ဒေသမှ စစ်ဘေးဒုက္ခသည် ရှမ်းတိုင်းရင်းသားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ စားနပ်ရိက္ခာ အသုံးအဆောင်များနှင့် ဒေါက်တာစင်သီယာမောင် ဆေးခန်းမှ ထောက်ပံ့သော ဆေးဝါးများကို နိုဝင်ဘာ ၂၁  ရက်က လိုက်လံ လှူဒါန်းခဲ့ပြီး စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တွင် ဖြစ်ပွားသော စစ်ပွဲများကြောင့် မိုင်းနောင်ရှိ ရပ်ကွက် (၁-၂-၃-၄) တို့မှ တိုင်းရင်းသားများသည် နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်စာရင်းအရ ကျောင်း (၃) ကျောင်းတွင် စစ်ဘေးရှောင်ပေါင်း ၇၀၀ နီးပါး ရောက်ရှိနေကြောင်း ကူညီကယ်ဆယ်ရေး ကော်မတီမှ သိရသည်။“ကျွန်တော်တို့တွေ စစ်ဘေးဒုက္ခသည် ပြည်သူတွေကို တတ်နိုင်သလောက် အားပေးတာ။ ပစ္စည်းတွေ ပေးတယ်ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ အားပေးတာ ဖြစ်ပါတယ်။ အဓိက ပြောတဲ့စကားကတော့ စစ်တိုက်တာတော့ ကိစ္စမရှိပါဘူး။ အပြစ်မဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင် နေရတာ စိတ်မကောင်းပါဘူး။ သူတို့ အားရှိအောင် စစ်ရေးကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ညင်သာစွာ ဖြေရှင်းဖို့အတွက် လာအားပေးတာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ပြည်သူတွေကိုလည်း လောလောဆယ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့ စုပေါင်းပြီးတော့ နိုင်ငံတော်ကို တင်ပြမယ်။ စစ်ဘက်ကိုလည်း တင်ပြပါမယ်။ အိမ်ပြန်ရတော့မယ်လို့ မျှော်လင့်ပါတယ်။ စစ်ဘေး ဒုက္ခသည် ထပ်မဖြစ်အောင် ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ ပြည်သူ အထိနည်းအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ အခု လက်မှတ်ထိုးထားတဲ့ အဖွဲ့ဟာ JMC အစည်းအဝေးမှာ စစ်ပွဲရပ်တန့်အောင် တင်ပြထားပါတယ်” ဟု RCSS/SSA မှ ဗိုလ်မှူးကြီး အောင်မြက ပြောကြားသည်။စစ်ဘေး ဒုက္ခသည်များမှာ ဟိုက်ပါတွင် ၁၃၀၀ ကျော်၊ ဝမ်ဝဘက်တွင်လည်း ၁၀၀၀ ကျော်၊ မိုင်းရှူးတွင်လည်း ၆၀၀ ကျော်၊ ကျိုင်းလွန်၊ ဟိုပန်တွင်လည်း ၉၈၂ ဦးကျော်၊ တောင်ကြီးတွင်လည်း ၃၀၀ နီးပါးခန့် ၊ လားရှိုး မန်ဆူကျောင်းတွင် ၂၀၀ ကျော် စသဖြင့် နေရာအနှံ့ပြားတွင် ရှိနေသေးကြောင်းလည်း ၎င်းက ပြောကြားသည်။မိုင်းနောင်ဒေသနှင့် မိုင်းရှူးဒေသ တစ်ဝိုက်ရှိ လယ်ယာခင်းများတွင် စပါးခင်း ဧကပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့သဖြင့် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ် အတွင်းမှ ဒေသခံများသည် နောက်တစ်နှစ်တွင် ဆန်ရေစပါး ရှားပါးမှု ကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ မိုင်းရှူးမြို့နယ် အတွင်းရှိ ဟိုက်ပါနှင့် ဝမ်၀ စစ်ဘေးဒုက္ခသည် စခန်းများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အစစ်အဆေးများခြင်း၊ ဝင်သွားလျှင် ပြန်ထွက်ရန် ခက်ခဲခြင်းတို့ကြောင့် လူတိုင်း မရောက်နိုင်သဖြင့် စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ထို့အပြင် မိုင်းရှူးနှင့် မိုင်းနောင်ဒေသတို့တွင် အရေးပေါ် အခြေအနေပြီးနောက် ပြန်လည် နေရာချထားရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

Most Read

Most Recent