ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတွင် ပါဝင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ရာ၌ ပါတီလေးခုနှင့် အစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် ကိုးဦး မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ခဲ့ပြီး ကျန်ခုနစ်ဦးကို မဲပေးရွေးချယ်ခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတွင် ပါဝင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ရာ၌ ပါတီလေးခုနှင့် အစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် ကိုးဦး မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ခဲ့ပြီး ကျန်ခုနစ်ဦးကို မဲပေးရွေးချယ်ခဲ့
Published 22 November 2015

နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဦးဆောင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ၁၆ ဦးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ၁၆ ဦးစီဖြင့် ဖွဲ့စည်းပြီးဖြစ်ရာ UPDJC တွင် ပါဝင်မည့် နိုင်ငံရေးပါတီ ၁၆ ဦး ရွေးချယ်ရာ၌ ပါတီလေးခုနှင့် အစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် ကိုးဦးကို မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ခဲ့ပြီး ကျန်ခုနစ်ဦးကို မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။UPDJC တွင် ပါဝင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ရေး အစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပရာ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ လက်ရှိ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အပါအဝင် နိုင်ငံရေးပါတီ ၈၈ ခုမှ ကိုယ်စားလှယ် ၂၀၀ ဦးကျော် တက်ရောက်ခဲ့ကာ ပါတီ ၅၅ ပါတီက ရွေးချယ်ရေး နည်းလမ်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့သည်။မဲပေးရွေးချယ်ရန် မလိုဘဲ မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ခဲ့သည့် ကိုယ်စားလှယ် ကိုးဦးမှာ NLD မှ နှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ နှစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) မှ တစ်ဦး၊ နိုင်ငံရေးပါတီ ရှစ်ခုဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ တစ်ဦး၊ နိုင်ငံရေးပါတီ ၂၃ ခုဖြင့် စုဖွဲ့ထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ပါတီမှ တစ်ဦး၊ နိုင်ငံရေးပါတီ ၁၄ ခုနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) မှ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ကျန်ခုနစ်ဦးကို မဲပေးရွေးချယ်မှုနှင့် ပတ်သက်၍ Myanmar Peace Center မှ ဦးအောင်နိုင်ဦးက “မဲနဲ့ ရွေးချယ်တဲ့ အခါမှာကျတော့ တိုင်းရင်းသား ပါတီတွေက များတဲ့အတွက် တိုင်းရင်းသားပါတီ ကိုယ်စားလှယ် လေးယောက်ရပြီးတော့ ဒီပြည်မက ပါတီကိုယ်စားလှယ်က သုံးယောက် ရရှိပါတယ်။ အဲဒီအပြင် ဒီ ၁၆ ယောက် အပြင်ကို အဖွဲ့တစ်ဖွဲ့ကို အကြံပေး ရှစ်ဦးစီ ခေါ်လာခွင့် ရှိပါတယ်။ အဲဒီ ရှစ်ဦးကိုလည်း ဒီမှာ မဲနဲ့ပဲ ရွေးလိုက်ပါတယ်။ အဲဒီတော့ ဒီနေ့က ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအတွက် ၁၆ ဦးနဲ့ ခုနတုန်းက အကြံပေး ရှစ်ဦး၊ အားလုံး စုစုပေါင်း ၂၄ ဦးပေါ့။ အဲဒီတော့ တိုင်းရင်းသားကတစ်ဝက်၊ ဒီဘက် ပြည်မပါတီတွေက တစ်ဖက် စသည်ဖြင့် မျှမျှတတနဲ့ ဒီလိုပဲမဲနဲ့ ပေးလိုက်ပါတယ်” ဟု ပြောကြားသည်။တိုင်းရင်းသားပါတီ ၅၅ ခုမှ အဆိုပြုသော ကိုယ်စားလှယ် ၃၀ အနက်မှ မဲပေးရွေးချယ်ခဲ့ရာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးမင်းနွယ်စိုးက ၂၄ မဲ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်က ၂၃ မဲ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးငိုင်ဆာ့ခ်က ၂၁ မဲနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးမန်းအောင်ပြည်စိုးက ၂၀ မဲဖြင့် ကော်မတီဝင်အဖြစ် ရွေးချယ်ခံခဲ့ကြရသည်။ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီမှ ဦးမနမ်တူးဂျာသည် ဦးမန်းအောင်ပြည်စိုးနှင့် တူညီစွာ ၂၀ မဲ ရရှိခဲ့သော်လည်း ဦးမန်းအောင်ပြည်စိုးကို ကော်မတီဝင်အဖြစ် သတ်မှတ်ပေးရန် ဦးစွာ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အကြံပေး အဖြစ်သာ တာဝန်ယူခဲ့သည်။ အကြံပေးအဖြစ် ရွေးချယ်ခံရသူများမှာ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဦးခွန်စိုးမြင့်၊ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီမှ ဦးစောဒယ်နီယယ်နှင့် တအာင်း (ပလောင်) အမျိုးသားပါတီမှ တာလှဖေတို့ဖြစ်သည်။အလားတူ ပြည်မပါတီ ၃၄ ခုမှ အဆိုပြုသော ကိုယ်စားလှယ် (၁၉) ဦးအနက်မှ မဲပေးရွေးချယ်ခဲ့ရာ ဒီမိုကရက်တစ်ပါတီ-မြန်မာမှ ဦးသုဝေက ၂၃ မဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက ၁၅ မဲ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က ၁၄ မဲဖြင့် ကော်မတီဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အကြံပေး လေးဦးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးသိန်းထွန်း၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီမှ ဦးကျော်သူအောင်၊ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီမှ ဦးအောင်မိုးဇော်နှင့် ဝံသာနုဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်း ရွှေကြာတို့ ရွေးချယ်ခံခဲ့ရသည်။ထိုသို့ မဲပေးရွေးချယ်ခြင်း ပြု လုပ်ရာတွင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက မဲများရေတွက်ပေးခဲ့ခြင်း ဖြစ်သည်။ 

Most Read

Most Recent