ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းအား လတ်တလော အတည်ပြု ဆောင်ရွက်ရန် မသင့်သေးကြောင်း ကျိုးကြောင်း ခိုင်လုံစွာဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ညွှန်ကြား

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းအား လတ်တလော အတည်ပြု ဆောင်ရွက်ရန် မသင့်သေးကြောင်း ကျိုးကြောင်း ခိုင်လုံစွာဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ညွှန်ကြား
Published 21 November 2015
စိုးမင်းထိုက်

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းအား လတ်တလော အတည်ပြု ဆောင်ရွက်ရန် မသင့်သေးကြောင်းကို ကျိုးကြောင်း ခိုင်လုံစွာဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပဒေကြမ်း ကော်မတီအား ညွှန်ကြားခဲ့သည်။နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း အပေါ်တွင် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ တင်သွင်းစဉ်တွင် လတ်တလော အတည်ပြု ဆောင်ရွက်ရန် မသင့်ဘဲ ဆိုင်းငံ့ထားသင့်ကြောင်း တင်ပြချက်အပေါ်တွင် ဦးခင်အောင်မြင့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများက နှစ်ရှည်ကြာ ဖွင့်လှစ်ထားသည့် အခြေခံ ပညာအဆင့်ကျောင်းများနှင့် ဆက်စပ်သည့် ကိစ္စရပ်များ အပေါ်တွင် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ထိုသို့ သုံးသပ်ရာတွင် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းပါ ကျောင်းတည်ထောင်ရမည့် ဖော်ပြချက်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်မှု မရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများက နှစ်ရှည်ကြာ ဖွင့်လှစ်ထားသော သံတမန် မိသားစုများသာမက နိုင်ငံသားများပါ တက်ရောက် သင်ကြားခွင့်ရှိသော ကျောင်းများ၏ ရပ်တည်မှုကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အတွက် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းနှင့် ဆက်နွှယ်နေသည့် အဆိုပါ နိုင်ငံခြားရေးရာ ကိစ္စများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု ရှိစေရန်အတွက် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းအား ပြန်လည် သုံးသပ်သင့်ကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို လတ်တလော ဆောင်ရွက်ဖို့ မသင့်သေးတဲ့ အကြောင်းအရာ အပြည့်အစုံကို ဖော်ပြရေးသားကာ ပြည်ထောင်စုလွှတ်တော်သို့ ပေးဖို့ လိုပါတယ်။အဲဒီအတွက် ဥပဒေကြမ်း ကော်မတီက ဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်” ဟု ပြောကြားခဲ့သည်။ထို့အပြင် နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ စာရင်းအင်း ဥပဒေကြမ်းများအား လတ်တလောတွင် အတည်ပြု ဆောင်ရွက်ရန် မသင့်သေးဘဲ ဆိုင်းငံ့ ထားသင့်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း အတည်ပြုခဲ့သည်။                        

Most Read

Most Recent