၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအနက် ဝန်ကြီးဌာန ခြောက်ခု၏ စီမံကိန်း ၈၄ ခုမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။နေပြည်တော်တွင် နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးခွန်းအား ဖြေကြားရာတွင် ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သတ်မှတ်ကာလအတွင်း မပြီးသေးသည့် လုပ်ငန်း/စီမံကိန်း မည်မျှရှိပြီး ထို့သို့ မပြီးစီးမှုကို မည်သို့ အရေးယူ ဆောင်ရွက်ပါသနည်း၊ ယခု ငါးနှစ်တာ ကာလအတွင်း အရေးယူမှုပေါင်း မည်မျှရှိ၍ ထိုအခြေအနေ အရပ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစီအစဉ် ရှိ၊ မရှိ” ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဇူလိုင်လမှစ၍ ခရိုင် ၃၈ ခရိုင်အတွင်း ဝန်ကြီးဌာနများမှ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် လုပ်ငန်းစီမံကိန်း ၅၁၀၉ ခု၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြေပြင်ကွင်းဆင်း စိစစ်နိုင်ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောကြားသည်။“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများအနက် ဝန်ကြီးဌာန ခြောက်ခုမှ စီမံကိန်း ၈၄ ခုမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး တင်ဒါခေါ်ယူမှု နောက်ကျခြင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အပ်နှံသော လုပ်ငန်းစီမံကိန်းများမှာ စာချုပ်ပါ စည်းကမ်းချက်များ၊ စံချိန်စံညွန်းများနှင့် မကိုက်ညီသဖြင့် လွှဲပြောင်းလက်ခံရန် နှောင့်နှေးကြန့်ကြာခြင်း၊ စီမံကိန်း လုပ်ငန်းများ တည်ရှိရာ ဒေသအချို့သည် ဆက်သွယ်သွားလာရ ခက်ခဲခြင်း၊ ရာသီဥတု ဆိုးရွားခြင်း စတဲ့ သဘာ၀ အတားအဆီးများ ရှိခြင်းကြောင့် အကောင်အထည်ဖော်မှု နောက်ကျခြင်း၊ ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း သဘောသဘာဝအရ မြစ်ရေကျဆင်းချိန်တွင်သာ လုပ်ငန်းများဆောင်ရွက်ရခြင်းနှင့် ပင်လယ်ဒီရေ အတက်အကျ နေ့စဉ်ရှိသဖြင့် လုပ်ငန်းဆောင်ရွက်ရသော အချိန်အကန့်အသတ် ရှိခြင်းတို့ကြောင့် ဘဏ္ဍာနှစ် ကုန်ဆုံးသည့် မတ်လကို ကျော်လွန်ကာ လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ရခြင်း စသည်တို့ကြောင့် ဘဏ္ဍာနှစ်အတွင်း အချိန်မီ မပြီးစီးခြင်း ဖြစ်ပါတယ်” ဟု ဒေါ်လဲ့လဲ့သိန်းက ရှင်းလင်းပြောကြားသည်။အချို့ စီမံကိန်းများသည် စီမံကိန်းကြီးများ ဖြစ်သည့်အလျောက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း၌ပင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီး အပြီးဆောင်ရွက်ရသည့် လုပ်ငန်းသဘာ၀ မရှိကြောင်းနှင့် နိုင်ငံခြားမှ မှာယူသည့် ပစ္စည်းများအတွက် နိုင်ငံခြားမှ ပစ္စည်းများ ပေးပို့ရာတွင် ဘဏ္ဍာနှစ်ကျော်လွန်ပြီးမှ ပစ္စည်းများရောက်ရှိသည့် ကိစ္စရပ်များလည်းရှိကြောင်း ဝန်ကြီးဌာနများက ပြန်လည်ဖြေကြား ရှင်းလင်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ဝန်ကြီးဌာနများ အနေဖြင့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ လုပ်ငန်းများကို အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါအောင် ကုမ္ပဏီနှင့် အပ်နှံစာချုပ် ချုပ်ဆိုရာတွင် ပြီးစီးရမည့်ကာလ၊ လိုအပ်သည့် စံချိန်စံညွှန်းမီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကုမ္ပဏီများကို ချုပ်ဆိုထားသည့် တင်ဒါစာချုပ်ပါ စည်းကမ်းများအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။ဝန်ကြီးဌာနမှ အမြန်ပြီးစီးရေး တွန်းအားပေး ဆောင်ရွက်ခဲ့သော်လည်း ဆက်လက်လုပ်ကိုင်ခြင်း မရှိဘဲ ရပ်တန့်နေရသဖြင့် ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာအား ပြစ်မှုဆိုင်ရာ ဥပဒေ ၄၀၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်မှုလည်းရှိကြောင်း ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ဆိုသည်။သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရှင်းလင်း တင်ပြရန် လိုအပ်ပါက တင်ပြရန် အစီအစဉ်ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ရှင်းလင်းပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဝန်ကြီးဌာနများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအနက် ဝန်ကြီးဌာန ခြောက်ခု၏ စီမံကိန်း ၈၄ ခုမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း လွှတ်တော်၌ ရှင်းလင်း















