စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် NLD ဖွဲ့စည်းမည့် အစိုးရနှင့် လက်တွဲပူးပေါင်း ဖြေရှင်းသွားမည်ဟု အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးရသေးသည့် TNLA အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်

စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် NLD ဖွဲ့စည်းမည့် အစိုးရနှင့် လက်တွဲပူးပေါင်း ဖြေရှင်းသွားမည်ဟု အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးရသေးသည့် TNLA အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်
Published 12 November 2015
ငြိမ်းကို

စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဖွဲ့စည်းမည့် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဖြေရှင်းရန် အဆင်သင့်ဖြစ်ကြောင်း အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့တစ်ခုဖြစ်သော တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် PSLF/TNLA ၏ သဘောထား ထုတ်ပြန်ချက်တွင် “၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်သူ့အတွက် အောင်ပွဲကို လှိုက်လှဲစွာ ကြိုဆိုပါသည်” ဟု ခေါင်းစဉ်တပ်ကာ အချက်သုံးချက် ဖော်ပြခဲ့သည်။သဘောထား ထုတ်ပြန်ချက်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ တိုင်းရင်းသား ပြည်သူလူထုတို့၏ ဆန္ဒမဲကို သိမ်းကျုံးရယူနိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ သမိုင်းဝင် ပြည်သူ့အောင်ပွဲကြီးအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လှိုက်လဲှစွာ ကြိုဆိုပါကြောင်း၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်း တိုးတက်စွာ အတူယှဉ်တွဲ နေထိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို လက်တွေ့ဦးဆောင် တည်ဆောက်နိုင်မည့် NLD ၏ အောင်မြင်မှု ခြေလှမ်းအဖြစ် ကြိုဆိုမျှော်လင့်ပါကြောင်းဟု ဖော်ပြသည်။ထို့ပြင် NLD ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကတိပြုထားသည့် “တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး” ဟူသော ပြည်ထောင်စု မြန်မာနိုင်ငံအတွက် မွန်မြတ်သည့် ရည်ရွယ်ချက် ကတိကဝတ်များအတိုင်း အစိုးရတစ်ရပ် ဖွဲ့စည်းကာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု အထူးယုံကြည် မျှော်လင့်ပါကြောင်း PSLF/TNLA ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် အဓိကကျသည့် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီးကို အပြီးသတ် ငြှိမ်းသတ်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံရေး တွေ့ဆုံပွဲ စကားဝိုင်းတွင် NLD ၏ ဖွဲ့စည်းမည့် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဖြေရှင်းရန် အဆင်သင့်ဖြစ်ကြောင်း၊ မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါကြောင်း အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က “ဟုတ်ပါတယ်။ ကျွန်တော်တို့ဆီက ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေ အစည်းအဝေးလုပ်ပြီး ဒီကြေညာချက်ကို ထုတ်တာပါ။ ပြည်သူ့ပါတီ တစ်ခုဖြစ်တဲ့ NLD အနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ အချက်တွေကို ဖော်ဆောင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် အခုလို ကြေညာချက် ထုတ်ရတာပါ” ဟု ပြောကြားသည်။  တအာင်းလွတ်မြောက်ရေး တပ်မတော်သည် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် NCA လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့တွင် မပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ အချိန်တွင်လည်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent