ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပစ္စည်းသယ်ယူရာတွင် ဆုံးရှုံးမှု ဖြစ်ပေါ်ပါက လျော်ကြေးပေးလျော်သည့် ရေကြောင်းကုန်စည် အာမခံ အမျိုးအစားသစ်ကို ပြည်တွင်းကုမ္ပဏီများ ထားရှိမှုများပြား

ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပစ္စည်းသယ်ယူရာတွင် ဆုံးရှုံးမှု ဖြစ်ပေါ်ပါက လျော်ကြေးပေးလျော်သည့် ရေကြောင်းကုန်စည် အာမခံ အမျိုးအစားသစ်ကို ပြည်တွင်းကုမ္ပဏီများ ထားရှိမှုများပြား
Published 11 November 2015
အေးမြတ်မွန်

ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းဖြင့် ပစ္စည်းသယ်ယူရာတွင် ဆုံးရှုံးမှု ဖြစ်ပေါ်ပါက လျော်ကြေးငွေ ပေးလျော်မည့် ရေကြောင်းကုန်စည် အာမခံ အမျိုးအစားသစ်ကို ပြည်တွင်းကုမ္ပဏီများမှ အထားများနေကြောင်း ယင်းအာမခံကို လုပ်ကိုင်ခွင့်ရသည့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံမှ သိရသည်။အဆိုပါ အာမခံ အမျိုးအစားအသစ် လုပ်ကိုင်ခွင့်ပြုခြင်းကို ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၁ ခုအနက် အထွေထွေ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများကိုသာ သြဂုတ်လအတွင်းက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ရေကြောင်းကုန်စည် ဆိုတာက ရေကြောင်းနဲ့ သယ်တာရော၊ ကုန်းကြောင်းနဲ့ သယ်တာရော အကုန်ပါတယ်။ အခုက ထားကြတာက ကုန်းကြောင်းဆိုရင် ပစ္စည်းတစ်ခုခုကို ပို့တာ၊ သယ်တာမျိုးတွေအပြင် ရေကြောင်းကနေ ပစ္စည်းသယ်တာ ပို့တာတွေကိုပါ အကျုံးဝင်တာကြောင့် ကိုယ့်ကုမ္ပဏီအတွက် ပစ္စည်းအသယ်အပို့ လုပ်နေကြတဲ့ ကုမ္ပဏီတွေ အထားများကြတယ်” ဟု ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရေကြောင်းကုန်စည် အာမခံ အမျိုးအစားတွင် ကုန်းလမ်းနှင့် ရေလမ်းနှစ်မျိုး ခွဲထားကာ ပရီမီယံကြေး အနေဖြင့်လည်း အမျိုးမျိုးရှိကြောင်း၊ ထို့ပြင် ရာသီဥတု အလိုက်လည်း ပရီမီယံကြေးမှာ ကွာခြားကြောင်း သိရသည်။“ရေကြောင်းကုန်စည် အာမခံမှာ ကုန်းလမ်းသွားဆိုရင် ဥပမာ သိန်း ၁၀၀ တန်ဖိုးထားရင် ပရီမီယံကြေးက တစ်သောင်းလေးထောင်၊ ရေကြောင်းမှာက ကမ်းရိုးတန်းသွားမှာ သိန်း ၁၀၀ တန်ဖိုး အာမခံထားရင် ပရီမီယံကြေး နွေရာသီမှာဆို နှစ်သောင်းရှစ်ထောင်၊ မိုးရာသီမှာဆိုရင် ငါးသောင်းခြောက်ထောင်ပေါ့။ ရာသီဥတုနဲ့ အချိန်ကို ကွာပြီးတော့လည်း ပရီမီယံကြေးက ကွာခြားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့မှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အာမခံ အမျိုးအစား ခြောက်မျိုးဖြစ်သည့် အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိ အာမခံနှင့် ငွေပို့ငွေသယ် အာမခံ စသည့် အမျိုးအစားများကို လုပ်ကိုင်ခွင့်ပေးခဲ့ရာမှ ယင်းတို့၏ လုပ်ဆောင်ရည်အပေါ် မူတည်ကာ အထူးခရီးသွား အာမခံ၊ ရေကြောင်းကုန်စည် အာမခံ၊ ကျန်းမာရေး အာမခံများအပြင် ဒေါ်လာဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်များကိုပါ ထပ်တိုးခွင့် ပြုပေးခဲ့ကြောင်း သိရသည်။ယင်းသို့ အမျိုးအစားသစ်များ ခွင့်ပြုပေးခြင်းမှာ မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုခဲ့သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအနက် ကုမ္ပဏီ ထက်ဝက်ကျော်၏ လစဉ်ပရီမီယံဝင်ငွေသည် ကျပ် တစ်ဘီလျံ အထက် ဝင်ငွေရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရခဲ့သည့် ကုမ္ပဏီများမှာ First National Insurance, IKBZ Insurance, Young Insurance Global, Capital Life Insurance, Grand Guardian Insurance, Global World Insurance, Excellent Fortune Insurance, အောင်သစ္စာဦး အာမခံကုမ္ပဏီ၊ နိုင်ငံသားစီးပွားရေး အများပိုင်ကုမ္ပဏီ၊ ဧရာမြန်မာ အာမခံကုမ္ပဏီ၊ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီနှင့် Pillar of Truth Insurance ကုမ္ပဏီတို့ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent