၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၀ ကျပ်ဝန်းကျင် ရှိနေကြောင်း နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်ရေးဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် နိုဝင်ဘာ ပထမပတ် ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၇၆ ကျပ် ဝန်းကျင်မှ ၄ ရက် တွင် တစ်ဒေါ်လာလျှင် ၁၂၈၀ ကျပ်ဝန်းကျင်သို့ လည်းကောင်း၊ ၆ ရက်တွင် ၁၂၈၅ ကျပ်သို့ လည်းကောင်း တစ်ပတ်အတွင်း ၉ ကျပ် ဝန်းကျင် မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ဒုတိယပတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ ဝန်းကျင်သို့ ထပ်မံမြင့်တက်လာခဲ့သည်။ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းသည်နိုဝင်ဘာ ၂ ရက်၊ ၃ ရက်၊ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၇၇ ကျပ် သတ်မှတ်ထားပြီး နိုဝင်ဘာ ၅ ရက်တွင် တစ်ဒေါ်လာ လျှင် ၁၂၇၈ ကျပ်၊ ၆ ရက်တွင် ၁၂၈၁ ကျပ် သို့ မြင့်တက်လာပြီး နိုဝင်ဘာ ဒုတိယပတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၄ ကျပ်သို့ သုံးကျပ် ထပ်မံတိုးမြှင့်သတ်မှတ်ထားသည်။ဗဟိုက နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်များ ရုပ်သိမ်းကြောင်း ကြေညာချက် ထွက်ပေါ်ပြီးနောက် အောက်တိုဘာ ၁၉ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၇၉ ကျပ် ဝန်းကျင်မှ ၂၁ ရက်အကြာ နိုဝင်ဘာ ၉ ရက်တွင် တစ်ဒေါ်လာလျှင်ကျပ် ၁၂၉၀ ဝန်းကျင်သို့ ပြန်လည် မြင့်တက်လာခဲ့သည်။နိုဝင်ဘာ ၉ ရက်တွင် နိုင်ငံခြားငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၂၈၄ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၃ သန်းကို ရောင်းချခဲ့သည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၃ ကျပ်ဝန်းကျင် ရှိခဲ့သည်။နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၈၄ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၅ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၁၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၀၆ ကျပ် ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၀၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၉၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။










