ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံတွင် ရုံးခန်းများ စတင်ငှားရမ်းနိုင်ပြီဖြစ်ပြီး တစ်စတုရန်းမီတာ ပတ်လည်လျှင် ငှားရမ်းခ ၆၆ ဒေါ်လာ သတ်မှတ်ထား

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံတွင် ရုံးခန်းများ စတင်ငှားရမ်းနိုင်ပြီဖြစ်ပြီး တစ်စတုရန်းမီတာ ပတ်လည်လျှင် ငှားရမ်းခ ၆၆ ဒေါ်လာ သတ်မှတ်ထား
Published 7 November 2015
ချမ်းမြေ့သူ

ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံတွင် ရုံးခန်းများ စတင်ငှားရမ်းနိုင်ပြီဖြစ်ပြီး တစ်စတုရန်းမီတာ ပတ်လည်လျှင် ငှားရမ်းခ ၆၆ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။
ကမ္ဘာအေးစေတီနှင့် စက်မှု (၁) လမ်းထောင့်ရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံတွင် ဧရိယာ စတုရန်းမီတာ ၁၀၈၀၀ ကျယ်ဝန်းကာ သီးခြားရုံးအဆောက်အအုံ ပါဝင်ပြီး စတုရန်းမီတာ ၆၀၀၀၀ ကျယ်ဝန်းသည့် ရုံးခန်းနေရာများဖြင့် ဖွဲ့စည်းတည်ဆောက် ထားသောကြောင့် ရန်ကုန်မြို့ အတွင်းရှိ ရုံးခန်းနေရာ ရှာဖွေနေသော ကုမ္ပဏီများအတွက် နေရာကောင်း တစ်ခုဖြစ်ကြောင်း သိရသည်။
ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဆောက်အအုံအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်းလေးပိုင်း ခွဲခြားထားပြီး ရုံးခန်းများ ငှားရမ်းရန်အတွက် အဆောက်အအုံမှာ Myanmar Center Tower ဖြစ်ပြီး အထပ်ပေါင်း ၂၂ ထပ်ပါဝင်ကြောင်း သိရသည်။
အဆိုပါ Myanmar Center Tower တွင် ငှားရမ်းနေထိုင်ရန် စာချုပ်ချုပ်ဆိုထားသည့် ရုံးလုပ်ငန်းများထဲတွင် ဂျာမန်ကုမ္ပဏီဖြစ်သည့် Siemens နှင့် ဗြိတိန်အခြေစိုက် ကုမ္ပဏီဖြစ်သည့် Pricewaterhousecoopers ကုမ္ပဏီနှင့် တရုတ်အမျိုးသား ရေနံကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။
အထပ်တိုင်းတွင် အမြန်နှုန်း ၂၀ ရှိသော ဓာတ်လှေကားများ၊ အသေးစိတ် လုံခြုံရေးစနစ်၊ မီးဘေးကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများ၊ သီးသန့်လျှပ်စစ်ဗို့အားမြှင့်စက် အပါအဝင် မြေအောက်ထပ်၌ ကားအစီးရေ ၄၀၀၀ ဆံ့သည့် ကားပါကင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာစင်တာသည် ၁၀၀ ရာခိုင်နှုန်း ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး စီမံကိန်းကို ကဏ္ဍနှစ်ပိုင်းခွဲခြားထားပြီး ပထမကဏ္ဍတွင် A အဆင့်ရှိ ရုံးခန်းတာဝါနှစ်ခု၊ လက်လီ ရောင်းချသည့် ဆိုင်ခန်းနေရာနှင့် ဟိုတယ်တစ်လုံး ပါဝင်ကြောင်း၊ တည်ဆောက်မှု၏ ဒုတိယအပိုင်းတွင် A အဆင့်ရှိ ရုံးခန်း တာဝါ အဆောက်အအုံနှစ်ခုနှင့် လူနေအိမ် အဆောက်အအုံငါးလုံး ပါရှိမည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent