လွိုင်လင်ခရိုင်အတွင်း တိုက်ပွဲများကြောင့် ကျောင်းသားကျောင်းသူ ၁၂၀၀ ကျော် တိမ်းရှောင်နေရပြီး လက်နက်ကြီးများကြောင့် ဒဏ်ရာရသူများ ရှိလာ

လွိုင်လင်ခရိုင်အတွင်း တိုက်ပွဲများကြောင့် ကျောင်းသားကျောင်းသူ ၁၂၀၀ ကျော် တိမ်းရှောင်နေရပြီး လက်နက်ကြီးများကြောင့် ဒဏ်ရာရသူများ ရှိလာ
Published 5 November 2015
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် အတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အား တပ်မတော်ဘက်မှ ထိုးစစ်ဆင်နေသဖြင့် အမကနှင့် အလက ကျောင်းသူကျောင်းသား ၁၂၀၀ ကျော်သည် စစ်ဘေးရှောင် ပြေးလွှားနေကြရကြောင်း ဒေသခံများက ဆိုသည်။တိုက်ပွဲများ ဖြစ်ပွားနေသော ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံနှင့် မိုင်းရှူးမြို့နယ် အတွင်းရှိ အစိုးရ စာသင်ကျောင်းပေါင်း ၁၄ ကျောင်း မဖွင့်နိုင်သည့် အတွက်ကြောင့် ကျောင်းသူ ကျောင်းသား ၁၂၅၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းနောင်ကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက် ညတို့တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိသူများ ရှိလာကြောင်း မိုင်းနောင်ဒေသခံ တိုင်းရင်းသားများက ပြောကြားသည်။မိုင်းနောင်ဘက်တွင် နိုဝင်ဘာ ၃ ရက်ညက တစ်ညလုံးနီးပါး လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် လီဆူးတိုင်းရင်းသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၄ ရက်တွင်လည်း လက်နက်ကြီးများ ကျရောက် ပေါက်ကွဲများ ဖြစ်ပွားခဲ့သေးကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဗိုလ်မှူးကြီး သက်ထွန်းက ပြောကြားသည်။“မနေ့ညတုန်းက မိုင်းနောင်ဘက်မှာ ဖြစ်တယ်။ မိုင်းနောင်ဘက်က သူတို့ဟာ သူတို့ ပစ်တာပဲ။ ကျွန်တော်တို့က ပြန်မပစ်ဘူး။ သူတို့ တပ်စွဲထားတဲ့ စလဖကလည်း ပစ်တယ်။ ခလ-၉ ကနေလည်း ပစ်တယ်။ သူတို့ဟာ သူတို့ ပစ်နေတယ်။ ရွာထဲကို ပစ်တယ်။ တချို့လည်း ဘုန်းကြီးကျောင်းနားကို ကျတယ်။ တချို့လည်း ကားလမ်းဘေးမှာ ကျတယ်။ တမြန်နေ့က ၃ ရက်နေ့ကလည်း မိုးလင်းပေါက်အထိ ပစ်တာပဲ။ လီဆူးမလေး တစ်ယောက်တော့ ဒဏ်ရာရတယ်။ မိုင်းနောင်ရွာနားကပဲ။ ညတိုင်း ညတိုင်း ပစ်တာပဲ။ ဘယ်သူကမှ သူတို့ကို သွားမပစ်ဘူး။ သူတို့ဟာ သူတို့ ပစ်တာ။ ကျွန်တော်တို့ ပြန်ပြီး မခုခံပါဘူး။ ကြိုးကြားကြိုးကြား စစ်မြေပြင်မှာတော့ ရှိတာပေါ့။ အခုကတော့ နည်းနည်း ငြိမ်နေတယ်။ အင်အားဖြည့်နေတဲ့ သဘောလား။ ကျွန်တော်တို့မှ သူတို့ဆီမသွားဘဲ။ သူတို့ပဲ ကျွန်တော်တို့ဆီ လာလာပစ်နေတာ” SSPP/SSA မှ ဗိုလ်မှူးကြီးသက်ထွန်းက ပြောကြားသည်။ရှေ့တန်း စစ်မြေပြင်များတွင် တပ်မတော်ဘက်မှ တပ်ရင်း ၉ ရင်းနှင့် ၁၁ ရင်း အကြား အသုံးပြုထားပြီး ဝမ်ဟိုင်းနီးနား တစ်ဝိုက်ရွာများတွင် စခန်းချကာ ခြေကုပ်ယူထားကြောင်း ၎င်းက ပြောကြားသည်။“မိုင်းနောင်ဘက်မှာ မနေ့ညတုန်း ပစ်တာ အသံကြားလိုက်တယ်။ ဒဏ်ရာရသူတွေတောင် ရှိလာတယ်။ မိုင်းရှူးဘက်မှာတော့ ငြိမ်နေတယ်။ မနေ့ကမှ အန်တီတို့လည်း ဝမ်ဆော့က ပြန်လာတာ။ မနေ့တုန်းက နမ့်ခုံးပရဟိတက ကားအစီး ၃၀ လာလှူ တယ်။ မိုင်းပန်နဲ့ ခိုလန်တို့ကလည်း လာကြတယ်လေ။ ဒီနေ့တော့ မင်းသားဝေဠုကျော် လာမယ်လို့ ကြားတယ်။ စစ်ဘေးရှောင်တွေကတော့ အရင်အတိုင်းပါပဲ။ တချို့လည်း လားရှိုးကို ထွက်ပြေးတယ်လို့ ကြားတယ်” ဟု မိုင်းရှူးကျားခေါင်းပါတီမှ နန်းကောဝ်ခမ်းက ပြောကြားသည်။ရှမ်းအဖွဲ့အစည်း တစ်ခု၏ စစ်တမ်းအရ စစ်ဘေးရှောင် ၆၀၀၀ ကျော်သွားပြီဖြစ်ကြောင်း၊ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က နိုဝင်ဘာ ၅ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ မိုင်းရှူးမြို့နယ် ဝမ်ဆော့ဘုန်းတော်ကြီးကျောင်းတွင် ၁၉၀၀ ကျော်၊ ဟုမ့်ယင်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းစန်းဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက် (၁) ရှိ ဆွေမျိုးများထံတွင် ခိုလှုံနေသူ ၄၈၀၊ ဟိုင်းပါဘုန်းတော်ကြီးကျောင်းတွင် ၁၃၀၀၊ မိုင်းနောင်မြို့နယ် မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ၂၈၀၊ တူယားဘုန်းတော်ကြီးကျောင်းတွင် ၁၅၀ နှင့် ကျေးသီးမြို့နယ်တွင် ဝမ့်ဟိုင်းရွာသူရွာသားများ ၂၀၀၀ နီးပါး ရောက်ရှိခိုလှုံနေသည်ဟု ကြေညာချက်တွင် ပါရှိသည်။

Most Read

Most Recent