သမ္မတလောင်းနှင့် ပတ်သက်ပြီး ထွက်ပေါ်လာသော ကြေညာချက်မှာ NLD မှ ထုတ်ပြန်ခြင်းမဟုတ်ဘဲ အတုသာ ဖြစ်ကြောင်း ငြင်းဆို

သမ္မတလောင်းနှင့် ပတ်သက်ပြီး ထွက်ပေါ်လာသော ကြေညာချက်မှာ NLD မှ ထုတ်ပြန်ခြင်းမဟုတ်ဘဲ အတုသာ ဖြစ်ကြောင်း ငြင်းဆို
Published 5 November 2015

သမ္မတလောင်းလျာထားမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့၏ အရေးပေါ်ကြေညာချက်ဟု နိုဝင်ဘာ ၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသော ကြေညာချက်မှာ NLD မှ ထုတ်ပြန်ခြင်း မဟုတ်ဘဲ အတုသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့ပါသည်။ အဆိုပါ ကြေညာချက်အတုတွင် ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးကိုနီတို့အား ယာယီလျာထားပြီး ထိုပုဂ္ဂိုလ်များ အမည်စာရင်းကို ထုတ်ဖော်ပြောဆိုနိုင်သည်ဟု ဖော်ပြထားခြင်း ဖြစ်ပါသည်။ 
 
"မဟုတ်ပါဘူး။ ဒီမနက်တင် အစ်မ(ဒေါ်အောင်ဆန်းစုကြည်) ဖြေပြီးပြီလေ။ ဘာမှ မပြောသေးဘူးဆိုတာ ပြောပြီးပြီလေ။ အဲတာ ပြီးပြီပေါ့။ ဘယ်မှာ ဟုတ်မလဲ။ အဲတာ အတုကြီးပေါ့။ အဲတာတွေက လူတွေကို သက်သက်လိုက် ရှုပ်ထွေးအောင် လုပ်နေတာ"ဟု NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဆိုပါသည်။
 
နိုဝင်ဘာ ၅ ရက်ဟု ရက်စွဲတပ်ပြီး စာအမှတ် ၁၆၈/ဗအန(အဖွဲ့)/၁၀/၂၀၁၅ ဟု ဖော်ပြခဲ့သော အဆိုပါ ကြေညာချက်အတုကို တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အောင်နိုင်ရေးအဖွဲ့များ၊ အလုပ်အမှုဆောင် အဖွဲ့များနှင့် ကိုယ်စားလှယ်လောင်းများ အားလုံးသို့ ပေးပို့သည့် အရေးပေါ် ကြေညာချက် ပုံစံမျိုး ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပါသည်။ 
 
ကြေညာချက်အတုတွင် စာပိုဒ်သုံးပိုဒ် ဖော်ပြထားပြီး ပထမပိုဒ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်မည်ဟူသော ရည်မှန်းချက်ဖြင့် အောင်နိုင်ရေး ဟောပြောပွဲများအား နိုင်ငံအဝှမ်းတွင် ပြုလုပ်ခဲ့ ရာ အတွေ့အကြုံများအရ ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြှောက်ပေးသည့် သမ္မတလောင်း၏ အမည်အား သိရှိလိုစိတ် ပြင်းပြနေသည်ကို သတိထားမိသည်ဟု ဖော်ပြထားသည်။ ထို့နောက် ကြေညာချက် အတု၏ ဒုတိယပိုဒ်တွင် သို့ဖြစ်ပါ၍ မေးမြန်းလာသည်ရှိခဲ့ပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တင်သွင်းမည့် သမ္မတလောင်းသည် အရပ်သားဖြစ်ရမည် ဟူသော ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒနှင့်အညီ အောက်ဖော်ပြပါ ယာယီလျာထားသော ပုဂ္ဂိုလ်၏ အမည်စာရင်းအား ထုတ်ဖော်ပြောခွင့်ရှိသည်ဟု ဖော်ပြခဲ့ပြီး ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးကိုနီ အမည်တို့အား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 
 
NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ အမည်ကို အလွဲသုံးစာပြု၍ ထွက်ပေါ်လောသော ကြေညာချက်အတုသည် နိုဝင်ဘာ ၅ ရက်က ထွက်ရှိခဲ့သည့်The Irrawaddy သတင်းဂျာနယ် အတွဲ ၂ ၊ အမှတ် ၄၄ တွင် ဖော်ပြခဲ့သော "NLD သမ္မတလောင်း ဘယ်သူဖြစ်မလဲ" ဆောင်းပါး ပါရှိပြီးနောက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆောင်းပါး၌ ဒေါက်တာ တင်မျိုးဝင်းနှင့် ပတ်သက်သော အချက်အလက်များစွာကို အသားပေး ဖော်ပြထားပြီးနောက် ဝါဒဖြန့်ချိရေးသမားများ၏ ကြေညာချက်အတု ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ 
 

 
The Irrawaddy သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော “NLD သမ္မတလောင်း ဘယ်သူဖြစ်မလဲ” ဆောင်းပါး ကိုတွေ့ရစဉ်
 
ဒေါက်တာ တင်မျိုးဝင်းသည် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) နှင့် ရင်းနှီးမှုရှိသူဖြစ်ပြီး NLD ကျန်းမာရေးကွန်ရက်တွင် ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်သည်။ ထိုသို့ တာဝန်ယူထားချိန်၌ NLD ကျန်းမာရေးကွန်ရက် တစ်နှစ်ပြည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရွှေသံလွင် Sky Net ပိုင် ရွှေထွဋ်တင်ကွင်း၌ ဒေါက်တာ တင်မျိုးဝင်းက ပြုလုပ်ခဲ့ပါသည်။ 
 
Eleven Media Group က စုံစမ်းသိရရှိရသော အချက်အလက်များအရ NLD ၏ သမ္မတလောင်းမှာ ဒေါက်တာတင်မျိုးဝင်းနှင့် ဦးကိုနီတို့ နှစ်ဦးစလုံး မဟုတ်ကြောင်း သိရပါသည်။ ထို့အပြင်  NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ရရှိသော သတင်းများအရ သမ္မတလောင်းကို ရွေးချယ်ရာ၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ အတည်ပြုထုတ်ပြန်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 
 
နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲတွင်လည်း သမ္မတလောင်း ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်း မရှိခဲ့ပေ။ 
 
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် "လက်ရှိအချိန်အထိ အန်တီတို့တင်မယ့် သမ္မတလောင်းကို ပြည်သူကို ချပြခြင်း မရှိသေးတဲ့အတွက် အန်တီတို့အနေနဲ့ ရွေးချယ်ထားတဲ့သူက အများပြည်သူအချို့ စိုးရိမ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်နေလို့လား။ ဒါမှမဟုတ် အဲဒီလူနာမည်ကို ထုတ်ဖော် ပြောကြားလိုက်ရင် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်မှာစိုးလို့လား"ဟု ပြည်မြန်မာ သတင်းဂျာနယ်မှ သတင်းထောက်ချုပ်က မေးမြန်းခဲ့ရာ "အန်တီ မဖြေချင်လို့ မဖြေတာပါ" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြန်လည် ဖြေကြားခဲ့ပါသည်။

Most Read

Most Recent