ဆန်သစ်ပေါ်နေပြီ ဖြစ်သော်လည်း ပြည်တွင်းဆန်ဈေး မြင့်နေသည့်အတွက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့မှုထက် နယ်စပ်မှတစ်ဆင့် တင်ပို့သည့် ဈေးကွက်၌သာ အရောင်းအဝယ်ပိုဖြစ်

ဆန်သစ်ပေါ်နေပြီ ဖြစ်သော်လည်း ပြည်တွင်းဆန်ဈေး မြင့်နေသည့်အတွက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့မှုထက် နယ်စပ်မှတစ်ဆင့် တင်ပို့သည့် ဈေးကွက်၌သာ အရောင်းအဝယ်ပိုဖြစ်
Published 4 November 2015
ချမ်းမြေ့သူ

ဆန်သစ်များ ပေါ်နေပြီ ဖြစ်သော်လည်း ပြည်တွင်းဆန်ဈေး မြင့်နေသည့်အတွက်ပင် လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့မှုထက် နယ်စပ်မှတစ်ဆင့် တင်ပို့သည့်ဈေးကွက်၌ သာ အရောင်းအဝယ် ပိုဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
“ဆန်သစ်တွေ ပေါ်လာပေမယ့်လည်း ပြည်တွင်းဈေးက အရမ်းမကျသေးတဲ့အတွက် ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းက တင်ပို့မှုက နည်းနည်းအေးနေသေးတယ်။ မိုးရွာတဲ့အတွက် စပါးရိတ်သိမ်းတဲ့အခါ နည်းနည်းနှောင့်နှေး နေတာတွေရှိတယ်။ လက်ရှိမှာဆိုရင်တော့ နယ်စပ်ကုန်သွယ်မှုမှာ ပိုပြီးအရောင်း အဝယ်ဖြစ်တယ်။ နယ်စပ်ကနေပဲ တစ်ဆင့် တင်ပို့နိုင်သေးတယ်။ ဒီဇင်ဘာလောက် ဆိုရင်တော့ အရောင်းအဝယ်တွေ ပုံမှန်ပြန်ဖြစ်လာပြီ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။
ဈေးကွက်အတွင်းသို့ ပဲခူးနှင့် ခရမ်းသုံးခွဘက်မှ ဆန်သစ်များ ဝင်ရောက်လာပြီ ဖြစ်သော်လည်း တစ်အိတ်လျှင် အမျိုးအစားအ လိုက် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကျော်အထိ မြင့် တက်ခဲ့သည့် ဆန်ဟောင်းဈေးနှုန်းများ ဆက်လက် ဈေးမာနေဆဲ ဖြစ်ကြောင်း ဆန်လက်လီ လက်ကားအရောင်းဆိုင်များမှ သိရသည်။
“လက်ရှိမှာ ဆန်ဟောင်းဈေး မာနေတယ်။ လက်ကျန်များရင်တော့ ဈေးကျတတ် ပါတယ်။ ဒါပေမဲ့ လက်ကျန်ကလည်း နည်းနေတယ်။ လှောင်လက်ကလည်း ရှိသလောက်ပဲ ထုတ်ရောင်းတာပေါ့။ ဆန်ဟောင်းကိုမှ အကြမ်းဈေးက တက်နေတာ။ ဆန်ချောကတော့ မလှတဲ့ဆန်တို့၊ အနိမ့်ဆန်လေးတွေတို့ကို ဈေးချရောင်းတယ်။ ဒါပေမဲ့ အမြင့်တန်းမှာရှိတဲ့ ဆန်တွေကတော့ ဈေးမကျပါဘူး။ အရင်နှစ်က ဆန်ဟောင်းနဲ့ ဆန်သစ်ဈေးက ၂၀၀၀ လောက်ပဲ ကွာတာ။ ဒီနှစ်မှာ တစ်အိတ်ကို ၃၀၀၀၊ ၄၀၀၀ လောက် ကွာနေတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်ရှိ ရွှေအိုးဆန်လက်လီ လက်ကား အရောင်းဆိုင်မှ မစန္ဒာက ပြောကြားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်အများစုကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့မှု ပြုလုပ်နေရသည့်အတွက် ယင်းကဲ့သို့ ဈေးကွက်တစ်ခုတည်းကို အားထားနေရခြင်း မဟုတ်ဘဲ နိုင်ငံစုံရှိ ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရန် ဆောင်ရွက်နေပြီး တင်ပို့ရန်အတွက် ကမ်းလှမ်းထားသည့် နိုင်ငံများလည်းရှိကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင်  တရုတ်နိုင်ငံအပြင် ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ အီတလီ၊ အင်ဒိုနီးရှား၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ မလေးရှား၊ ကနေဒါ စသည့်နိုင်ငံများသို့ တင်ပို့နေကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းသို့ ဆန်တင်ပို့ရာတွင် အဓိကကုန်သွယ်မှု လမ်းကြောင်းဖြစ်သည့် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ ဒေသစုံမှ ဆန်ကားဝင်ရောက်မှု တစ်ရက်လျှင် အစီးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
 
 

Most Read

Most Recent