ရော်ဘာ Central Market ကို ရော်ဘာအထွက်များသည့် ဒေသအားလုံးတွင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည်

ရော်ဘာ Central Market ကို ရော်ဘာအထွက်များသည့် ဒေသအားလုံးတွင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည်
Published 1 November 2015

ရော်ဘာကုန်ကြမ်း ရောင်းသူဝယ်သူအားလုံး ပါဝင်နိုင်မည့် ရော်ဘာ Central Market ကို မော်လမြိုင်မြို့၌ စတင်ထူထောင်မည်ဖြစ်ပြီး ရော်ဘာ အထွက်များသည့် ဒေသများ အားလုံးတွင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။အဆိုပါ ဈေးကွက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့ ပါဝင်မည်ဖြစ်ပြီး အစိုးရက ခွင့်ပြုသည်နှင့် မော်လမြိုင်တွင် ဈေးကွက်ကို အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။“Central Market မှာဆိုရင် တောင်သူတွေရော အဝယ်ဒိုင်တွေရော အားလုံးပါဝင် ရောင်းချနိုင်တယ်။ ဝယ်သူကို ရှာပေးမယ်။ ဒါပေမဲ့ ဒီဈေးကွက် ပေါ်ပေါက်လာပြီ ဆိုရင်တော့ သတ်မှတ်ထားမယ့် အချက်တွေနဲ့ ကိုက်ညီမှ အရောင်းအဝယ် လုပ်လို့ရမယ်။ ဒီဈေးကွက်ကိုလုပ်ဖို့ အစိုးရက ခွင့်ပြုပြီ ဆိုတာနဲ့ အရောင်းအဝယ် လုပ်ရမယ့် ပုံစံတွေ၊ သတ်မှတ်ချက်တွေကို ထုတ်ပြန်ပေးမှာပါ။ အဓိကကတော့ ခြံငယ်နဲ့ ခြံလတ် လုပ်ငန်းရှင်တွေ အရောင်းအဝယ် ဝင်လုပ်လို့ရနိုင်အောင် ရည်ရွယ်ထားတယ်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက ဆက်လက်ပြောကြားသည်။လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများအား ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှလည်း တင်ပို့နေပြီး တရုတ်နိုင်ငံ ဈေးကွက်သို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ရော်ဘာ Central Market အား မော်လမြိုင်မြို့တွင် စတင်ထူထောင်မည်ဖြစ်ကာ နောက်ပိုင်းတွင် ရော်ဘာထုတ်လုပ်မှုများသော ပြည်နယ်နှင့် တိုင်းများဖြစ်သည့် တနင်္သာရီ၊ ကရင်၊ ပဲခူး၊ ဧရာဝတီ စသည့် ဒေသတို့တွင် ဆက်လက် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။အဆိုပါဈေးကွက် အကောင်အထည် ပေါ်ပေါက်လာပါက ပြည်တွင်းရှိ ရော်ဘာရောင်းချလိုသည့် တောင်သူနှင့် ကုန်သည်များ အနေဖြင့် ပြည်ပဈေးကွက် အပါအဝင် ဈေးကွက်အသစ်များကိုလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent