အမျိုးသားပို့ကုန် မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ စိုက်ထုတ်မှု ဒေါ်လာ သန်း ၄၀၀ ဝန်းကျင် ကုန်ကျမည့်အပြင် နိုင်ငံတကာ အကူအညီများလည်း လိုအပ်ဟု အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ

အမျိုးသားပို့ကုန် မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ စိုက်ထုတ်မှု ဒေါ်လာ သန်း ၄၀၀ ဝန်းကျင် ကုန်ကျမည့်အပြင် နိုင်ငံတကာ အကူအညီများလည်း လိုအပ်ဟု အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ
Published 29 October 2015
ဇော်ဝေ

အမျိုးသားပို့ကုန် မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ စိုက်ထုတ်မှု ဒေါ်လာသန်း ၄၀၀ ဝန်းကျင် ကုန်ကျမည့်အပြင် နိုင်ငံတကာ အကူအညီများလည်း လိုအပ်မည်ဖြစ်ကြောင်း National Export Strategy of Myanmar 2015-2019 အစီရင်ခံစာတွင် ဖော်ပြမှုအရ သိရသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (International Trade Centre) နှင့် ၂၀၁၃ ခုနှစ်အတွင် စတင်ရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ဦးစားပေး ကဏ္ဍများအတွက် နှစ်နှစ်ကြာ ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာ၌ ဆန်နှင့် ရေလုပ်ငန်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း၊ သစ်တောထွက် ပစ္စည်းများ၊ ရော်ဘာနှင့် ဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် ခရီးသွားလုပ်ငန်းတို့ ပါဝင်ပြီး အထောက်အကူ ကဏ္ဍများ အနေဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု၊ အရည်အသွေး စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
“ခရီးသွား လုပ်ငန်းဆိုရင် ၂၀၁၄ ခုနှစ် လောက်ကတည်းက စနေပါပြီ။ အခုလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် စလုပ်နေကြပြီ ဖြစ်တယ်။ ဆန်တို့ ပဲတို့ ဆိုလည်းပဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပုဂ္ဂလိက,က ဦးဆောင်လုပ်နေပါတယ်။ အဓိက,ကတော့ အစိုးရကတော့ စည်းမျဉ်းပိုင်းနဲ့ မူဝါဒပိုင်းဆိုင်ရာတွေပဲ အဓိက လုပ်ရမှာပေါ့။ ကျန်တာတွေကတော့ ပုဂ္ဂလိကပိုင်းက လုပ်သွားရမှာတွေပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေက ပြောကြားသည်။
ယခုနှစ် စတင်အကောင်အထည်ဖော်မည် အမျိုးသားပို့ကုန် မဟာဗျူဟာကဏ္ဍ အများစုသည် အစိုးရအကူအညီ လိုအပ်နေကြောင်း ယခုနှစ် ဧပြီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် (International Trade Centre) တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဦးစားပေး လုပ်ငန်းစဉ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ဆွေးနွေးမှုများ ရှိခဲ့သည်။
အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ကုန်စည် အနေဖြင့် ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ အထည်အလိပ်နှင့် အဝတ်အ ထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ဝန်ဆောင်မှုအနေဖြင့် ခရီးသွားလုပ်ငန်း၊ အထောက်အကူ ပြုစေမည့် ကဏ္ဍများတွင် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန် သွယ်မှုမြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှုလျင်မြန် ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးတို့မှာ ဦးစားပေး ကဏ္ဍများတွင်ပါဝင်ပြီး အလားအလာကောင်း ကဏ္ဍတွင် ရော်ဘာတို့ကို ရွေးချယ်ထားကြောင်း သိရပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း နှစ်ခုသာ အစိုးရဘက်မှ ငွေကြေးအကူအညီ မလိုအပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။           
ပဲမျိုးစုံကဏ္ဍ အနေဖြင့် ယခုနှစ်ဈေးကွက် အခြေအနေများ သုတေသန ပြုလုပ်ရန်နှင့် တောင်သူများသို့ မျိုးကောင်းမျိုးသန့် ဖြန့်ဝေရေး လုပ်ငန်းဆိုင်ရာများကို ဦးစားပေး ကဏ္ဍအဖြစ် ရွေးချယ်ထားပြီး ဒေါ်လာ ငါးသိန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း၊ အစိုးရဘက်မှ စိုက်ထုတ်ရန် လိုအပ်နေကြောင်း၊ အလားတူ ရော်ဘာကဏ္ဍတွင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးနှင့် ဈေးနှုန်းကျဆင်းမှုကို ကာကွယ်ရန်အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်သွားရန်၊ မျိုးကောင်းမျိုးသန့် လက်မှတ်များ ထုတ်ပေးနိုင်ရန်တို့ ပါဝင်ကြောင်း ကုန်ကျစရိတ်၏ ၇၅ ရာခိုင်နှုန်းအထိ အစိုးရဘဏ်မှ ထည့်ဝင်ရန်၊ သစ်တော ကဏ္ဍတွင်လည်း လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး၊ ဈေးကွက်ဆိုင်ရာ သုတေသနနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများ လုပ်ဆောင်ရန် ရှိကြောင်း၊ ဒေါ်လာတစ်သန်းအထိ ကုန်ကျနိုင်ကြောင်း၊ အစိုးရဘက်မှ ဒေါ်လာ ၇၅၀၀၀၀ အထိ ရရှိရန် မျှော်မှန်းထားကြောင်း၊ ကုန်သွယ်မှု သတင်းအချက်အလက် ကဏ္ဍအနေဖြင့် သတင်းအချက်အလက် စင်တာတစ်ခု ထူထောင်ရန်အတွက် အစိုးရက စိုက်ထုတ်ရန် လိုကြောင်းနှင့် ယင်းကဏ္ဍအတွက် စုစုပေါင်း ဒေါ်လာ သုံးသိန်းကုန်ကျနိုင်ကြောင်း၊ တစ်ဝက်ကို အစိုးရဘက်မှ စိုက်ထုတ်ရန် လိုအပ်မည် ဖြစ်ကြောင်းလည်း သိရသည်။
 

Most Read

Most Recent