စီးပွားရေး လုပ်ရလွယ်ကူမှု နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် (၁၆၇) သို့ တက်လာသော်လည်း ဒေသတွင်း နိုင်ငံများ၌် စီးပွားရေးလုပ်ရ အခက်ဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ

စီးပွားရေး လုပ်ရလွယ်ကူမှု နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် (၁၆၇) သို့ တက်လာသော်လည်း ဒေသတွင်း နိုင်ငံများ၌် စီးပွားရေးလုပ်ရ အခက်ဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ
Published 28 October 2015
ဇော်ဝေ

စီးပွားရေး လုပ်ရလွယ်ကူမှု နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ၁၈၉ နိုင်ငံအနက် အဆင့် (၁၆၇) ရှိပြီး အဆင့် ၁၀ ဆင့် တက်လာသော်လည်း ဒေသတွင်းနိုင်ငံများတွင် စီးပွားရေး လုပ်ရအခက်ဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် ၂၀၁၆ Doing Business အစီရင်ခံစာအရ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် အဆင့် ၁၇၇ ရပ်တည်ချိန်တွင် ဒေသတွင်း နိုင်ငံများဖြစ်သည့် စင်ကာပူက အဆင့် ၁ နေရာတွင် ရှိနေကြောင်း၊ ကမ္ဘော့ဒီးယား နိုင်ငံက အဆင့် ၁၂၇ နေရာဖြင့် မြန်မာနိုင်ငံထက် စီးပွားရေးလုပ်ရ လွယ်ကူမှု အဆင့် ၅၀ ပိုမို သာလွန်နေကြောင်း၊ လာအိုနိုင်ငံ အနေဖြင့်လည်း အဆင့် ၁၃၄ နေရာတွင် ရပ်တည်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၁၀၉၊ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၁၀၃ နေရာနှင့် ဗီယက်နမ်က အဆင့် ၉၀ နေရာတွင် ရပ်တည်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံက အဆင့် ၄၉ နေရာနှင့် မလေးရှားနိုင်ငံက အဆင့် ၁၈ နေရာတွင် ရပ်တည်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည့် စာရင်းဇယားအရ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည်နှစ်က သိသာသည့် ပြုပြင်ပြောင်းလဲမှု အနေဖြင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နိုင်ရေးအတွက် အဓိက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ၄၅ ခု ပြုပြင်ပြောင်းလဲပေးခဲ့ခြင်းဖြစ်ပြီး အများဆုံး ပြုပြင်ပြောင်းလဲမှု လုပ်ပေးခဲ့သည့် ကဏ္ဍ ဖြစ်ကြောင်း၊ ကျန်ကဏ္ဍများတွင် သိသိသာသာ ပြောင်းလဲလာခြင်း မရှိကြောင်း သိရသည်။စီးပွားရေးလုပ်ငန်း စတင်နိုင်မှုတွင် မြန်မာနိုင်ငံသည် အမှတ် ၁၀၀ ပေးသည့်အနက် အမှတ် ၇၀ ရရှိခဲ့ကြောင်း၊ နိုင်ငံအလိုက် အဆင့် ၁၆၀ ရရှိခဲ့ပြီး ကုန်ကျစရိတ် အနေဖြင့် နိုင်ငံ၏ လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေ၏ ၉၇ ရာခိုင်နှုန်းအထိ ရှိနေကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ခွင့်ပြုချက်ရရှိမှု ဆောင်ရွက်ရမှုတွင် အဆင့် ၈၄ ရှိပြီး ပြီးခဲ့သည့်နှစ်က ပြုပြင်ပြောင်းလဲမှု မတွေ့ရှိရကြောင်း၊ ပါမစ်တစ်ခု ရရှိရန်အတွက် ရက်ပေါင်း ၉၅ ရက်အထိ ကြာမြင့်ပြီး ကုန်ကျစရိတ်မှာ အဆောက်အအုံတန်ကြေး၏ လေးရာခိုင်နှုန်းရှိကြောင်း၊ လျှပ်စစ် ရရှိမှု အနေဖြင့် အနည်းဆုံး နှစ်လခွဲအထိ ကြာမြင့်ပြီး ကုန်ကျစရိတ်မှာ နိုင်ငံ၏ လူတစ်ဦးချင်း ဝင်ငွေ၏ ၁၇ ဆဝန်းကျင်ရှိပြီး နိုင်ငံအလိုက် အဆင့် ၁၄၈ ရရှိခဲ့ကြောင်း၊ ပိုင်ဆိုင်မှု ပစ္စည်းများကို မှတ်ပုံတင်ခြင်းတွင် သုံးလဝန်းကျင် ကြာမြင့်နိုင်ပြီး ကုန်ကျစရိတ်တွင် ပိုင်ဆိုင်မှု တန်ဖိုးများ၏ ငါးရာခိုင်နှုန်းရှိကာ နိုင်ငံအလိုက် အဆင့် ၁၄၈ တွင် ရှိကြောင်း၊ အလားတူ ချေးငွေရရှိမှု အနေဖြင့်လည်း အဆင့် ၁၇၄ တွင်ရှိပြီး အမှတ် ၁၀၀ ပေးသည့်အနက် ၁၀ မှတ်သာ ရှိခဲ့ကြောင်း၊ လူနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမှု အနေဖြင့် အဆင့် ၁၈၄ တွင် ရပ်တည်ခဲ့ကြောင်း၊ အခွန်ပေးဆောင်မှု အနေဖြင့် အဆင့် ၈၄ တွင် ရှိခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကြောင့် ပိုမိုခက်ခဲလာကြောင်း၊ စာချုပ်စာတမ်းများ၏ အားကောင်းမှု အနေဖြင့် အဆင့် ၁၈၇ နေရာတွင် ရှိပြီး ပြီးခဲ့သည့်နှစ်တွင် ပြုပြင်ပြောင်းလဲမှုများ မရှိခဲ့ကြောင်း ကုန်သွယ်ရေး လွယ်ကူမှု၌ အဆင့် ၁၄၀ တွင်ရှိပြီး နယ်စပ်သွယ်မှုတွင် တင်ပို့မှု လုပ်ငန်းများအတွက် သီတင်းနှစ်ပတ်ဝန်းကျင် ကြာမြင့်ပြီး ကုန်ကျစရိတ် အနေဖြင့် ဒေါ်လာ ၈၀၀ ဝန်းကျင်ကုန်ကျမှုရှိကြောင်း၊ တင်သွင်းမှုပြုရာ၌ သီတင်းတစ်ပတ်ခန့် ကြာမြင့်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၇၀၀ ဝန်းကျင်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြမှုအရ သိရသည်။ကမ္ဘာ့ဘဏ်၏ 2015 Doing Business  အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၇ တွင် ရပ်တည်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၈၂ တွင် ရပ်တည်ခဲ့ကြောင်း သိရသည်။                               

Most Read

Most Recent