ကမ္ဘာလှည့် ခရီးသွားများ ပုဂံဒေသသို့ ယခုနှစ်ကုန်တွင် သုံးသိန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ပုဂံဒေသသို့ ယမန်နှစ်ထက် ဝင်ရောက်မှု ပိုများကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုမှာ ယမန်နှစ်က ခရီးသည်ပေါင်း နှစ်သိန်းခွဲခန့် ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ခရီးသည် ဝင်ရောက်မှုမှာ နှစ်သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၅ နှစ်ကုန်တွင် ကမ္ဘာလှည့် ခရီးသည်ပေါင်း သုံးသိန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ခရီးသွားရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် စက်တင်ဘာမှစ၍ ပုဂံမြို့၏ အထင်ကရ နေရာများဖြစ်သော ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ကန်တော့ပလ္လင်၊ ထီးလိုမင်းလို၊ လောကနန္ဒာစေတီ၊ အလိုတော်ပြည့်ဘုရား၊ ရှေးဟောင်းစေတီများသို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ကမ္ဘာလှည့် ခရီးသွားများသည် အခြားသော ကမ္ဘာ့ခရီးစဉ်များတွင် တွေ့မြင်ခံစားနိုင်ခြင်း မရှိသော မြန်မာ့ရိုးရာ ရုပ်သေးဖျော်ဖြေမှုများကိုပါ ကြည့်ရှုခံစားနိုင်သောကြောင့် လာရောက်လည်ပတ်မှု များခြင်းဖြစ်ကြောင်း သိရသည်။ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် ပြည်ပမော်တော်ယာဉ်တန်း ခရီးစဉ်များ၊ မော်တော်ဆိုင်ကယ် ခရီးစဉ်များနှင့် အပျော်စီး စက်ဘီးခရီးစဉ်များဖြင့်လည်း ဝင်ရောက်လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။ယင်းသို့ လာရောက်လည်ပတ်မှုသည် ၂၀၁၄ ခုနှစ်တွင် အပျော်စီးသင်္ဘော အစင်း ၂၀ ဖြင့် ကမ္ဘာလှည့် ခရီးသည် ၂၁၅၈၃ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာအထိ ခရီးသွားကုမ္ပဏီများမှ စီစဉ်ထားသည့် ခရီးစဉ်များအရ အပျော်စီးသင်္ဘော ၂၅ စင်းဖြင့် ကမ္ဘာလှည့် ခရီးသည် ၂၂၈၁၅ ဦး လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ကမ္ဘာလှည့် ခရီးသွား လာရောက်လည်ပတ်မှုများသည့် ပုဂံဒေသကို ရှေးဟောင်း အမွေအနှစ် နေရာဒေသကြီး တစ်ခုအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများ ဖော်ထုတ်မည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင် ဆောင်ရွက်နေသည်မှာ ၂၀၁၄ ခုနှစ် ကတည်းက အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်၍ ဆောင်ရွက်နေခြင်းဖြစ်ကာ ပုဂံဒေသသည် ယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်၊ ပုပ္ပားတောင်၊ တန့်ကြည်တောင်၊ တူရွင်းတောင်တို့ တည်ရှိသည့် သဘာဝအမွေအနှစ် ဒေသတစ်ခုဖြစ်သည်။ယင်းသို့ ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ခရီးသွား လုပ်ငန်းများသည်လည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှု ယခုနှစ်ကုန်တွင် သုံးသိန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထား










