ပြည်တွင်းကျပ်ငွေ သုံးစွဲမှု တွင်ကျယ်လာစေရန် ယခင် ချထားပေးခဲ့သည့် နိုင်ငံခြားငွေ လိုင်စင်များကိုသာ ရုပ်သိမ်းခြင်းသည် ပထမအဆင့် လုပ်ဆောင်ချက်သာဖြစ်ပြီး ဒုတိယ အဆင့်တွင် နိုင်ငံခြားငွေများ သုံးစွဲနေမှုကို ကန့်သတ်ရန်နှင့် တတိယ အဆင့်တွင် ကန့်သတ်ထားမှုအား ကျော်လွန်၍ နိုင်ငံခြားငွေ အသုံးပြုသူများအား အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က ဆိုသည်။“လိုင်စင်တွေက လက်ရှိ ထုတ်ပြန်ပြီးဖြစ်တဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ မလိုတော့ဘူး။ ဒါ့ကြောင့် ပြန်ရုပ်သိမ်းတာပါ။ ဒါက ပထမ အဆင့်ပေါ့။ ဒုတိယ အဆင့်မှာကျတော့ ဘယ်ကာလမှာ ထားပြီးတော့ ကျပ်နဲ့ သုံးတာကိုပဲ လုပ်ပါ။ ဒေါ်လာသုံးတာ လုံး၀ မရပါဘူးဆိုပြီး အသေးစိတ် လိုအပ်တဲ့ အချက်အလက်တွေ၊ ဘယ်လို ဧရိယာတွေမှာ ဘယ်လို မလုပ်ရဘူး ဆိုတာတွေက နောက်အဆင့် လာမယ်။ တတိယ အဆင့်မှာကတော့ မသုံးရဘူးဆိုပြီး ကန့်သတ်ထားတဲ့ နေရာတွေမှာ သုံးစွဲလို့ရှိရင် အရေးယူသွားမယ်။ အခု အခြေအနေမှာကတော့ တိုင်းပြည်ရဲ့ အခြေအနေအရရယ် ရေရှည် အမြစ်တွယ်နေတဲ့ ကိစ္စရပ်ရယ်ကြောင့် ပြည်သူကို အသိပညာပေးပြီးမှ တစ်ဆင့်ချင်း သွားမှာပါ။ ချက်ချင်းကြီးသုံးရင် အရေးယူမယ် ဆိုတာမျိုး မရှိသေးပါဘူး” ဟု ဦးဝင်းသော်က ဆိုသည်။လက်ရှိတွင် အောက်တိုဘာ ၁၉ ရက်မှ စတင်၍ နိုင်ငံခြားသုံးငွေ လိုင်စင်များ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဟိုတယ်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ Duty Free Shop များ၊ လေကြောင်းလိုင်းများ၊ ဆေးရုံများ၊ Freight Forwarder များ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ အခြား ကုမ္ပဏီများ (ဥပမာ-အချိုရည်နှင့် ယမကာ၊ အမြန်ချောပို့၊ ပိုးသတ်ဆေးဖျန်း၊ မီဒီယာ၊ အခန်းများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသော လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများ အားလုံး)၊ အလားတူ အခြားလုပ်ငန်းများဖြစ်သော ယွန်းထည်၊ ပိုးထည်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ စူပါမားကတ်၊ ဂေါက်သီးကလပ်များနှင့် နာရေးကူညီမှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများ အားလုံး အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားမှုကြောင့် နိုင်ငံခြားငွေနှင့် လစာပေးချေမှုများနှင့် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ရှိမရှိ ဝေခွဲမရသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ယခု လိုင်စင် ရုပ်သိမ်းမှုတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ ကိုင်ဆောင်ခွင့်နှင့် ဝန်ထမ်းလစာ ပေးချေမှုများမှာ ယခု နိုင်ငံခြားငွေလိုင်စင် ရုပ်သိမ်းခြင်းနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း ဦးဝင်းသော်က ပြောကြားခြင်း ဖြစ်သည်။အမေရိကန် ဒေါ်လာသည် ကမ္ဘာပေါ်တွင် ခိုင်မာမှု အရှိဆုံး ငွေကြေးများ၌ ပါဝင်သဖြင့် ပြည်တွင်းတွင်လည်း မြန်မာကျပ်ငွေအစား ဒေါ်လာကို နေရာအနှံ့တွင် အစားထိုး သုံးစွဲမှုများ ဖြစ်ပေါ်နေသည်။ ထို့အတွက် ဒေါ်လာ လိုအပ်ချက် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သဖြင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာနများသို့ ပြည်တွင်းငွေပေးချေမှု ဆောင်ရွက်ရာတွင် ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၈ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် တစ်ရပ်လည်း ထုတ်ပြန်ထားသည်။အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်စဉ်က နိုင်ငံတော် အတွင်း၌ ရောင်းချ/ဝယ်ယူသည့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာ အသုံးပြုမှု (Dollarization) ဖြစ်လာခြင်း၊ ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားလာခြင်း၊ ပြည်တွင်း ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လျော့ကျလာစေခြင်းတို့ကြောင့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်မှုကို ဖြစ်လာပြီး နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ပြင် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ စသည်တို့တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားများ ဝယ်ယူသုံးစွဲမှုအတွက် ကောက်ခံနေသော ဝန်ဆောင်ခနှင့် အခကြေးငွေ စသည်တို့ကို ပေးချေရာ၌ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခွင့် ပြုပါရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးက ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နှုန်းရှင်ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာနေကြောင်း သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နှုန်းရှင် ငွေလဲနှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာအတွင်း ၁၂၉၅ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ ပိုမို ဆိုးရွားလာကာ စတင်သတ်မှတ်ချိန်နှင့် လက်ရှိအချိန်တွင် ကျပ် ၄၈၀ ခန့်အထိ ကွာဟလာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားငွေ လိုင်စင်များ ရုပ်သိမ်းပြီးနောက် ဒုတိယ အဆင့်တွင် နိုင်ငံခြားငွေ အသုံးပြုမှုကို လုံး၀ သုံးစွဲခွင့် မပြုရန် ကန့်သတ်သွားမည်ဖြစ်ပြီး တတိယ အဆင့်၌ နိုင်ငံခြားငွေ အသုံးပြုမှုများကို အရေးယူရန် လုပ်ဆောင်သွားမည်










