မြန်မာနိုင်ငံ၌ တရုတ်က ဆောင်ရွက်နေသည့် စီမံကိန်းတန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံရှိပြီး ၁၂ ဒသမ ၂ ဘီလျံဖိုးမှာ လုပ်ငန်းပြီးစီး သွားပြီဖြစ်ကြောင်း အာဆီယံ-တရုတ် စင်တာ အတွင်းရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံ၌ တရုတ်က ဆောင်ရွက်နေသည့် စီမံကိန်းတန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံရှိပြီး ၁၂ ဒသမ ၂ ဘီလျံဖိုးမှာ လုပ်ငန်းပြီးစီး သွားပြီဖြစ်ကြောင်း အာဆီယံ-တရုတ် စင်တာ အတွင်းရေးမှူးချုပ် ပြောကြား
Published 22 October 2015
ဇော်ဝေ

မြန်မာနိုင်ငံတွင် တရုတ်က ဆောင်ရွက် နေသည့် စီမံကိန်း စုစုပေါင်း တန်ဖိုးမှာ ဒေါ် လာ ၁၈ ဒသမ ၅ ဘီလျံရှိပြီး ၁၂ ဒသမ ၂ ဘီလျံဖိုးမှာ လုပ်ငန်းပြီးစီး သွားပြီဖြစ်ကြောင်း အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် မစ္စရန်ရှို့ဖိန်က အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ကျင်းပသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ပြောကြားသည်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တာဝန်ယူ ဆောင်ရွက်တဲ့ ပရောဂျက် စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံဖြစ်ပြီး လုပ်ငန်းလုပ်ကိုင် ပြီးစီးခြင်း စုစုပေါင်း ဒေါ်လာ ၁၂ ဒသမ ၂ ဘီလျံဖိုး ဖြစ်ပါတယ်။ စီမံကိန်း ပူးပေါင်းမှုနဲ့ ပတ်သက်တဲ့ အပိုင်းများမှာ ရေအားလျှပ်စစ်စခန်း၊ လေဆိပ်၊ လမ်းတံတားနဲ့ ဆက်သွယ်ရေး စတာတွေ ဖြစ်ပါတယ်” ဟု မစ္စရန်ရှို့ဖိန်က ဆိုသည်။
တရုတ်သည် မြန်မာနိုင်ငံနှင့် နှစ်ဖက်ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းမှုအတွက် အပြန်အလှန် အားဖြည့်ပေးခြင်းဖြင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်ရေးကို စဉ်ဆက်မပြတ် တွန်းအားပေးနေကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တရုတ်-မြန်မာ ကုန်သွယ်မှုသည် ဒေါ် လာ ၂၅ ဘီလျံဖိုးရှိခဲ့ပြီး ယခင်နှစ်များနှင့် ယှဉ်က ၁၄၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ထို့အပြင် ယခုနှစ်တွင် ဇွန်လအထိ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ၃ ဒသမ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်မှစပြီး တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အစိုးရမှ တည်ဆောက်နေသည့် အကြီးစား အခြေခံ တည်ဆောက်ရေး စီမံကိန်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နေ့လုပြည်နယ်၏ စွမ်းအင်နှင့် ကုန်သွယ်ရေး စင်္ကြံကြီး ဖြစ်လာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
“မစ္စရန်ရှို့ဖိန် ပြောသွားတဲ့ ကုန်သွယ်မှုနဲ့ ကျွန်မတို့ တရားဝင် data တွေအရပေါ့ လွဲနေသေးတာ တွေ့ရတယ်။ ဒါပေမဲ့ မြန်မာ-တရုတ် ကုန်သွယ်မှုဟာဆိုရင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်ကို အဓိက တင်ပို့နေတာကတော့ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ လယ်ယာထွက်ကုန်၊ အဝတ်အထည်နဲ့ တွင်းထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တရုတ်ကနေပြီးတော့ မြန်မာနိုင်ငံတွင်းကို အဓိက တင်သွင်းတဲ့ ကုန်စည်တွေ အနေနဲ့ ဆိုလို့ရှိရင် စက်နဲ့ စက်အပို ပစ္စည်းတွေ၊ သံနဲ့ သံထည် ပစ္စည်းတွေ၊ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ် ပစ္စည်းတွေ၊ ဖုန်းနဲ့ ဖုန်းအပို ပစ္စည်းတွေပေါ့။ ဒါတွေကို အဓိကသွင်းတယ်။ မြန်မာနိုင်ငံကို တရုတ်ကနေပြီးတော့ တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် ပြုထားတဲ့ ပစ္စည်းတွေလည်း ရှိတယ်။ ကုန်စည်လိုင်းပေါင်း ၇၇၀၀ ကျော်ပါတယ်။ အဲဒီ တစ်ဖက်သတ် ကင်းလွတ်ခွင့် ပေးထားတဲ့ ကုန်စည်တွေနဲ့ ပတ်သက်လို့ရှိရင် မြန်မာနိုင်ငံ အနေနဲ့ အခွန်ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ တရုတ်-မြန်မာ ကုန်သွယ်မှု တိုးတက်လာစေဖို့အတွက် အကြံပြုပြောကြား ချင်တာလေး တွေရှိပါတယ်။ နယ်စပ်မှာ ဆိုလို့ရှိရင် တရားမဝင် ကုန်စည်အဝင်အထွက် တွေရှိတယ်။ မြန်မာနိုင်ငံဘက်က တရားမဝင် တင်ပို့နေတာ ရှိသလို တရုတ်ဘက်က တရားမဝင် တင်သွင်းနေတာလည်း ရှိတယ်။ မြန်မာနိုင်ငံကလည်း ဒီလိုကိစ္စတွေကို တိုက်ဖျက်နေသလို တရုတ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမျိုးက ပြောကြားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် တရားမဝင် ကုန်စည်စီးဆင်းမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကုန်သည်အချင်းချင်း၊ အစိုးရအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။                
 

Most Read

Most Recent